သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပိုပြီး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းခဲ့ပါတယ်။

နိုင်ငံရေး အင်အားစုတွေကတော့ အခုလို အရေးပါတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်တိုက် အဆိုတင်သွင်း တောင်းဆိုလာတာကို အလေးအနက်ထား စဉ်းစားဖို့ ပြောဆိုလာကြပါတယ်။ အစိုးရဘက်ကရော ဘယ်လိုတုံ့ပြန်မှုတွေရှိလဲ ဆိုတာကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြ မှာပါ။

ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသား အင်အားစုတွေ ပါဝင်မှု နည်းနေတာကြောင့် တိုင်းရင်းသား လူမျိုး ၆ စု ထပ်မံ ပါဝင်ပြီးတော့ ၁၂ ပွင့်ဆိုင် ဆွေးနွေးရေး စီစဉ်ပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအတွင်း အရေးတကြီး အဆိုတင်သွင်း တောင်းဆိုခဲ့ပါတာ။

ဒီအဆိုကို တင်သွင်းတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလာတဲ့ အရေးတကြီးအဆိုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က အခုလို ပြောပါတယ်။

“ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်ပေါ့နော် သူက တင်သွင်းတာပေါ့နော်။ ဦးစောထွန်းအောင်မြင့်က ကရင်ပြည်သူ့ပါတီရဲ့ ဥက္ကဌလည်း ဖြစ်တယ်ပေါ့။ အဲတော့ သူ့ရဲ့အဆိုအရဆိုရင်တော့ ၆ ပွင့်ဆိုင် ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားတဲ့ ၆ ပွင့်ဆိုင်ရာဆိုရင် တိုင်းရင်းသားအားလုံးကို ကိုယ်စားမပြုတဲ့အတွက်ကြောင့်မို့လို့ပေါ့နော် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ဆွေးနွေးပွဲတရပ် ဖြစ်ဖို့အတွက်ကို ကျန်ရှိနေတဲ့ တိုင်းရင်းသားတွေကိုပါ ထပ်ဖြည့်ပြီးတော့ ၁၂ ပွင့်ဆိုင် ဆွေးနွေးဖို့ သူက အဆိုပြုတယ်ပေါ့နော်။”

အခုလို တောင်းဆိုမှုတွေ ရှိလာပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်နိုင်မဖြစ်နိုင်တော့ အစိုးရဘက်က ယတိပြတ် ပြောဆိုသွားတာမျိုး မရှိသေးပါဘူး။

“ပထမဆုံးတခုကတော့ဗျာ နိုင်ငံတော်သမ္မတကြီးက တွေ့ဆုံဆွေးနွေးရေးကို ဘယ်တုန်းကမှ ငြင်းပယ်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ မြန်မာ့နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ယဉ်ကျေးမှုက နိုင်ငံတော်သမ္မတကြီးရဲ့ လက်ထက်ကျမှ ပေါ်လာတာပဲလေ။ အဲတော့ ကျနော်တို့တွေက နည်းနာပိုင်းမှာသာ ကျနော်တို့က အရေအတွက်တွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု နောက်ထပ် အဆိုပြုချက်တခု တင်လာပြီဆိုရင် ဒီလိုမျိုးပေါ်ပေါက်လာတဲ့ အလားတူ အဆိုပြုချက်တွေကို ၀ိုင်းစဉ်းစားလိုက်ရင်တော့ ပိုကောင်းတဲ့ အဖြေတခု ထွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ အစိုးရပြောခွင့်ရှိသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ပြောခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားအင်အားစုတွေကပါ မျှော်လင့်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ အစိုးရဘက်က သေချာ ဂရုစိုက် ကျင်းပဖို့ လိုနေပြီလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း က ပြောပါတယ်။

“တိုင်းရင်းသားကိုယ်စားလှယ်တွေတင် မကဘူး။ လွှတ်တော်ပြင်ပမှာရှိတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေလည်းပဲ ပါဝင်လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ တကယ်လို့ နောက်ထပ် ထပ်တိုးလာတဲ့ ၆ ပွင့်ဟာ လွှတ်တော်ထဲမှာရှိတဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေပဲ ဖြစ်မယ်ဆိုရင် ဒါ လိုအပ်ချက်တွေ ပြင်ဆင်ရမယ့်အချက်တွေ ရှိနေဦးမယ်လို့ အဲ့လို ယူဆပါတယ်။”

ဒေါက်တာရန်မျိုးသိမ်း ပြောခဲ့သလိုပဲ ပြင်ပနိုင်ငံရေးအင်အားစုတွေကလည်း အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်း တိုင်းရင်းသားအသိုင်းအ၀ိုင်းအကြား အရေးပါတဲ့ ဆွေးနွေးမှုမျိုးတွေ လက်ရှိအချိန်မှာ ကျင်းပဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်ဟောင်း ဦးဒေးဗစ်လှမြင့် ကတော့ -

“ကျနော်တို့ ဒီ နိုင်ငံရေးဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် တောင်းလာတာကတော့ ကျနော်တို့ လက်ရှိ တိုင်းပြည်မှာ တွေ့ဆုံဆွေးနွေးပွဲသည် အလွန်အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီဆိုတာကို အထင်အရှား ဖော်ဆောင်နေပြီး ဖြစ်ပါတယ်ခင်ဗျ။”

မနက်ဖြန်မှာဆိုရင်တော့ ဒီကနေ့ တင်သွင်းခဲ့တဲ့ ၁၂ ပွင့်ဆိုင်တွေ့ဆုံရေး အရေးတကြီး အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးမှုတွေ လုပ်ကြမှာပါ။ ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးပြီး အတည်ဖြစ်ခဲ့ရင် ဒီအဆိုကို ပြည်ထောင်စု အစိုးရကို တင်ပြမှာလည်း ဖြစ်ပါတယ်။ ဒီလအတွင်းမှာပဲ ပြည်ထောင်စုလွှတ်တော်မှာ ၆ ပွင့်ဆိုင်တွေ့ဆုံပေးဖို့ အရေးကြီး အဆိုတင်သွင်း တောင်းဆိုထားပေမဲ့လည်း အစိုးရဘက်က တုံ့ပြန်မှုမရှိသေးတဲ့အတွက် တွေ့ဆုံမှု အထ မမြောက်သေးသလို ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကလည်း ဖြစ်နိုင် မဖြစ်နိုင် စောင်ကြည့်ရမယ့် အနေအထားလို့လည်း မြန်မာ့အရေး လေ့လာသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG