သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ ဆောင်းတွင်းအခက်ကြုံ


ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)
ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ က စစ်ပြေးဒုက္ခသည်များ (ဒီဇင်ဘာ ၃၁၊ ၂၀၁၂)

ကချင်ပြည်နယ်တွင်း စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ လုံခြုံရေးအရ ကန့်သတ်တားဆီးမှုတွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေ စစ်ပြေးဒုက္ခသည်စခန်းတွေဆီ မရောက်ရှိနိုင်ဘူး ဖြစ်နေပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေက ဒုက္ခသည်တွေမှာ စားနပ်ရိက္ခာ၊ ဆောင်းတွင်းကာလ ရာသီဥတု အခက်အခဲနဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အလေးအနက်ထား ဆောင်ရွက်ပေးပါလို့ ကချင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

စစ်ပြေးဒုက္ခသည် သောင်းချီ ခိုလှုံနေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်ရာနယ်မြေက ဒုက္ခသည်စခန်းတွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေ အချိန်မီ ရောက်မလာတဲ့အတွက် စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လိုင်ဇာ KIO ဌာနချုပ် စစ်ပြေး ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဒွဲပီဆာ က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“အခုက ဖြတ်တာတောင် မဟုတ်ဘူး သူတို့ NGO၊ INGO တွေက လာတောင် မလာဖြစ်တော့ဘူးလေ။ ၂၇ မှာ ရောက်မယ်ဆိုပြီးတော့လည်း မရောက်ဘူး။ ဒီကနေ ရက်ချိန်း ရက်ချိန်းနဲ့ ဒီဇင်ဘာ ၃ ရက်မှာ ရောက်မယ်ဆိုပြီးတော့လည်း မရောက်ဖြစ်တော့ဘူး။ အစိုးရဆီက ခွင့်ပြုချက်မရလို့ လို့ပဲ ဒီလိုပဲ အကြောင်းပြချက်လာတယ်။”

ကချင်စစ်ပြေးဒုက္ခသည်တွေမှာ စခန်းတွင်း နေစရာ အခက်အခဲကြောင့် ရာသီဥတု ဆိုးရွားတဲ့ဒဏ် ခံနေရတဲ့အပြင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။ ဒါ့အပြင် ကချင်ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကချင်ဒုက္ခသည်စခန်း အနားအထိ လက်နက်ကြီးကျည် ကျခဲ့တာတွေရှိတဲ့အတွက် ဒုက္ခသည်တွေကြား လုံခြုံရေးစိုးရိမ်နေရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဦးဒွဲပီဆာက ဆက်ပြောပါတယ်။

“အစိုးရရဲ့ ဗမာတပ်တွေက ကျနော်တို့ IDP Camp တွေကို လှမ်းပစ်နိုင်တဲ့ တောင်ကုန်းမှာ နေရာယူထားတယ်ဆိုတော့ သူတို့ ပစ်ချင်ရင်တော့ IDP တွေအတွက်တော့ စိတ်တော့ပူရတယ်ပေါ့။”

စားနပ်ရိက္ခာ အခက်ခဲတွေအပြင် လုံခြုံရေးပါ စိုးရိမ်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အခက်အခဲကို ကချင် လွှတ်တော်အမတ်တွေဘက်က လွှတ်တော်တွင်း စစ်ရေးအခြေအနေ အဆိုတင်သွင်းမှုအပြင် ရန်ပုံငွေ လိုအပ်ချက်တွေကို ကချင်လူမှုအသိုင်းအဝိုင်းတွေနဲ့ ဝိုင်းဝန်းကူညီ ပေးနိုင်အောင် ကြိုးစားနေကြပါတယ်လို့ ကချင်ပြည်နယ် အင်ဂျန်းယန် လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

“စစ်ကိစ္စ ပြေငြိမ်းမှပဲ ဒုက္ခသည်က ပြန်နိုင်မှာပေါ့နော်။ အဲ့ဒီ issue တွေတော့ ကျမတို့က အဆိုတင်သွင်းပါတယ်။ ကျမတို့ ကချင်လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ သီးသန့်ပေါ့နော် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ကျမတို့က ကချင်ရိုးရာ ပလိုင်းတွေသယ်ပြီးတော့မှ ကျမတို့က အလှူခံတာတွေ ကျမတို့ လုပ်ပါတယ်။ ကျမတို့ ဒီဘက်ဒေသရောက်တဲ့အခါ ပံ့ပိုးတာတွေရှိတယ်။ နောက် ရန်ကုန်မှာလည်း ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်ရိုးရာအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ အဆိုတော်ပေါ့နော် ကျမတို့ ရှိုးပွဲတွေဘာတွေ၊ ကပွဲတွေ ဘာတွေလုပ်ပြီးတော့မှ ကျမတို့ ရန်ပုံငွေရှာတာပေါ့။ ဘာလိုအပ်တယ်ဆိုတာတော့ သူတို့ရဲ့ Camp တာဝန်ခံတွေက အသိဆုံးမို့လို့ ကျမတို့က ပစ္စည်းကိုတော့ မလုပ်ဘူး။ အဲ့လိုမျိုးတွေတော့ ကျမတို့ အမြဲတမ်းရောက်တိုင်းရောက်တိုင်း ကူညီပံ့ပိုးတာလေးတွေ ရှိပါတယ်။”

ဒီလိုမျိုး ကချင်ဒုက္ခသည်စခန်းတွေမှာ အရေးတကြီးလိုအပ်နေတာတွေကို အစိုးရရော သက်ဆိုင်ရာ တာဝန်ရှိသူတွေကပါ အလေးအနက်ထား စဉ်းစားသင့်ပါတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဥက္ကဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“အခုဒုက္ခရောက်နေတာ ပြည်သူတွေဖြစ်တယ်။ အဲတော့ အစိုးရတရပ်ဖြစ်တယ်ဆိုရင် ဒီလိုမျိုး ဒုက္ခသည် ဘယ်နေရာမှာပဲ ရောက်နေရောက်နေ ဒုက္ခသည်တွေကို ကူညီဖို့တာဝန်က သူတို့မှာ အပြည့်အဝရှိတယ်။ စစ်ပြေးဒုက္ခသည်တွေဆိုတာ ဘယ်နေရာမှာမှ သူတို့အတွက် လုံခြုံမှုက မရှိနိုင်သေးဘူး။”

နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကချင် KIO စစ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျည်ကျလို့ သင်တန်းသား ၂၃ ဦး သေဆုံးမှုကစလို့ မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ကြား စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေရဲ့ အသက် အိုးအိမ်စည်းစိမ် လုံခြုံမှု ကင်းမဲ့လာနေသလို အေးလွန်းတဲ့ ရာသီဥတုဒဏ် ခံနေရတဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနဲ့ နေထိုင်မှု အခက်အခဲတွေ ပိုပြီး အထူးစိုးရိမ်စရာ အနေအထား ဖြစ်လာနေတာပါ။ ဒါကြောင့် ဒေသတွင်း ငြိမ်းချမ်းမှုရှိအောင် ကချင်ဒုက္ခသည် စခန်းတွေနားအထိ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ စစ်အင်အား တိုးချဲ့ချထားမှုတွေကို ရပ်တန့်ပေးဖို့ ကချင်ပြည်နယ် လူထုအခြေပြု မဟာမိတ်အဖွဲ့တွေကလည်း တောင်းဆိုနေချိန် ဖြစ်ပါတယ်။

XS
SM
MD
LG