သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားများ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းနည်း CIA အသုံးပြု


အမေရိကန် အထက်လွှတ်တော်ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ CIA ဗဟိုထောက်လှမ်းရေးအဖွဲ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုစစ်ဆေးမေးမြန်းတဲ့နေရာမှာ အမေရိကန်နိုင်ငံရဲ့ စံထားမှုတွေကို ထိခိုက်စေရာ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော် ထောက်လှမ်းရေး ဆိုင်ရာ ကော်မတီက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ CIA အဖွဲ့ဟာ အကြမ်းဖက်သမားတွေလို့ သံသယရှိတဲ့ အကျဉ်းသားတွေအပေါ် ဆက်ဆံရာမှာ ကြမ်းတမ်းမှုတွေ ရှိခဲ့သလို သူတို့အသုံးပြုခဲ့တဲ့ စစ်ဆေးရေးနည်းစနစ်တွေနဲ့ ပတ်သက်ပြီး ထိရောက်မှုရှိတဲ့အကြောင်း အထင်ရောက်အောင် အမေရိကန် နိုင်ငံသားတွေနဲ့ ကွန်ဂရက်လွှတ်တော်တို့ကို လှည့်စားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

သူတို့စစ်ဆေးခဲ့တဲ့ နည်းတွေကတော့ လူတွေကို အခန်းကျဉ်းလေးတွေထဲမှာ ချုပ်နှောင်ထားတာ၊ အိပ်ရေးမဝအောင်ထားတာ၊ မျက်နှာပေါ် အဝတ်အုပ်ပြီး ရေမွန်းအောင်လုပ်တဲ့နည်း၊ ရေနှစ်တဲ့နည်း စတာတွေ ပါဝင်ပါတယ်။

အားလုံးကို ခြုံပြီးကြည့်လိုက်မယ်ဆိုရင် CIA က ဖမ်းဆီးထားတဲ့သူတွေ အနည်းနဲ့အများ ညှဉ်းပန်းနှိပ်စက်တာ ကြုံခဲ့ရတယ်လို့ အထက်လွှတ်တော်အမတ် Dianne Feinstein က ပြောပါတယ်။

ဒီလို ပြင်းထန်တဲ့ နည်းနာတွေဟာ အမေရိကန်နိုင်ငံရဲ့ စံထားမှုနဲ့ မကိုက်ညီသလို အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးအတွက်လည်း ထိရောက်မှု မရှိကြောင်း၊ အမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့လည်း ကိုက်ညီမှု မရှိဘူးလို့ သမ္မတ ဘရက်ခ် အိုဘားမားကလည်း ပြောဆိုလိုက်ပါတယ်။

နောက်နောင် ဒါမျိုး နည်းလမ်းတွေ မကျင့်သုံးစေဖို့ စိတ်ချသေချာအောင် လုပ်ရလိမ့်မယ်လို့လည်း သမ္မတက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက လုပ်ဆောင်ခဲ့တဲ့ CIA ရဲ့ လုပ်ရပ်ဟာ အမေရိကန်ရဲ့ စံထားမှုနဲ့ ကျနော်တို့ရဲ့ သမိုင်းကို စွန်းထင်းစေတယ်လို့ သမ္မတက ပြောဆိုပါတယ်။

XS
SM
MD
LG