သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Malala နဲ့ Satyarthi ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပူးတွဲလက်ခံ


ပါကစ္စတန်နိုင်ငံက အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး တက်ကြွလှုပ်ရှားသူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံက ကလေးငယ်များ အခွင့်အရေးရရှိရေးအတွက် အကျိုးဆောင် လုပ်ကိုင်ပေးသူ Kailash Satyarthi တို့ ၂ ဦးဟာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ဒီကနေ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ လက်ခံရယူပြီး သမိုင်းမော်ကွန်း တင်လိုက်ကြပြီ ဖြစ်ပါတယ်။

၁၇ နှစ်အရွယ် Malala ဟာ အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး Satyarthi ကတော့ ပထမဆုံး နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ အိန္ဒိယနိုင်ငံသား ဖြစ်ပါ တယ်။

ကလေးငယ်တွေ ပညာသင်ခွင့်မရတာကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခွင့် ရတာမျိုး မဖြစ်ရအောင် သူတို့ကို အကူအညီပေးဖို့ အချိန်ရောက်ပြီလို့ ဆုလက်ခံတဲ့အခမ်းအနားမှာ Malala က ပြောပါတယ်။

ကလေးငယ်တွေကို ကျွန်အဖြစ် အသုံးချနေတာတွေ ရပ်တန့်ရေးအတွက် ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ Satyarthi ကတော့ ကလေးငယ်တွေ လွတ်လပ်စွာ ကလေးအဖြစ် ရတည်ခွင့်ရရေးဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။

ကလေးငယ်တွေ အိမ်မက်မက်ခွင့် မပြုတာလောက် ဆိုးရွားတဲ့ အကြမ်းဖက်မှု မရှိတော့ဘူးလို့ Satyarthi က ဖြည့်စွက် ပြောကြားသွားပါတယ်။ ဆုကြေးငွေ ဒေါ်လာ ၁.၁ သန်းကို သူတို့ ၂ ယောက် ခွဲဝေယူကြမှာ ဖြစ်ပါတယ်။

Malala ဟာ သူ့ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားပြီး ပါကစ္စတန်နိုင်ငံမှာ နိုင်ငံရေး ပြန်လုပ်လိုကြောင်း ပြောပါတယ်။ သူမအနေနဲ့ အမျိုးသမီးငယ်များ ပညာသင်ကြားခွင့်ရရှိရေး လုပ်ဆောင်ခဲ့တဲ့အတွက် တာလီဘန် သောင်းကျန်းသူတွေက သူမကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

XS
SM
MD
LG