သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မနေ့တုန်းက အရေးတကြီး အဆိုတင်ပြခဲ့တဲ့ ၁၂ ပွင့်ဆိုင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ် အမြန်ကျင်းပေးဖို့ တောင်းဆိုချက်ကို ဒီကနေ့ အတည်ပြုလိုက်ပြီး ၆ ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင်တွေ့ဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း စာရေးသားပေးပို့ခဲ့ပါတယ်။

၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်ဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆောင်ရွက်တဲ့ လုပ်ပိုင်ခွင့်အပေါ်ကို ကျော်လွန်ပြီး လုပ်ဆောင်တဲ့ အနေအထားလို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့ကလည်း ယူဆကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပိုပြီး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပေးဖို့ အဆိုကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အတည်ဖြစ်သွားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော်ရဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲနေရာမှာ ၁၂ ပွင့်ဆိုင်တွေ့ဆုံပွဲနဲ့ အစားထိုးဖို့ ပြည်ထောင်စုအစိုးရကိုလည်း တင်ပြခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ၁၂ ပွင့်ဆိုင်တွေ့ဆုံပွဲ အတည်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ပြောပါတယ်။

“ကျမတို့ ဒီကနေ့ လွှတ်တော်မှာလေ မနေ့က ၁၂ ပွင့်ဆိုင် အရေးတကြီးအဆိုကို မဲခွဲပြီးတော့ ဆုံးဖြတ်တယ်လေ။ အဲတော့ ထောက်ခံမဲက ၉၉ မဲ၊ ကန့်ကွက်မဲက ၉ မဲပေါ့နော်။ အဲဒါနဲ့ ဒီအဆိုက အတည်ဖြစ်သွားတယ်။ အဲတော ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ ၆ ပွင့်ဆိုင်အစားပေါ့နော် ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဆိုကိုပေါ့နော် ပြည်ထောင်စုအစိုးရသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြရေးဆိုတဲ့ မူက အတည်ဖြစ်သွားပါတယ်။”

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အနေနဲ့ အခုလို ၁၂ ပွင့်ဆိုင် ဆွေးနွေးရေးလုပ်ဖို့ ဆောင်ရွက်တာဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ကျော်လွန်လုပ်ဆောင်တဲ့ သဘောဖြစ်နေတာကို တွေ့ရတယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ဒေသဆိုင်ရာလွှတ်တော်တခုက အဲ့လိုလုပ်တယ်ဆိုတာ ဒါ ကျော်လုပ်တဲ့သဘောမျိုး သက်ရောက်နေတယ်။ အမှန်ကလည်း ဒါ ပြည်ထောင်စုတခုလုံးနဲ့ ဆိုင်တဲ့ကိစ္စမို့လို့ ပြည်ထောင်စုလွှတ်တော်က လုပ်တာကပဲ နည်းလမ်းမှန်တယ်လို့ ဆိုရမှာပေါ့နော်။ ရန်ကုန်တိုင်း လွှတ်တော်ရဲ့ လုပ်ဆောင်ချက်က ဒါ ၁၂ ပွင့်ဆိုင်ဆိုတော့ မူလလမ်းကြောင်းကနေ ပြန်ပြီးတော့ လွဲသွားသလို ဖြစ်နေတယ်။ မူလလမ်းကြောင်းက လွဲသွားရင် ---- ထပ်ပြီးတော့ ၀င်လာနိုင်တယ်ပေါ့။ နောက် ၆ ပွင့်ဆိုင်ကလည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပြီးသား။ အဲ့ဒါကိုမှ ၈ ပွင့်ဆိုင်တို့ ၁၂ ပွင့်ဆိုင်တို့ လုပ်မယ်ဆိုရင် မူလလမ်းကြောင်းက မရေမရာဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်ဆောင်တာဟာ မသင့်တော်ဘူးလို့ ထင်တယ်။ တကယ်လို့ လုပ်ချင်ရင်လည်း ၆ ပွင့်ဆိုင်ကို ဒီလွှတ်တော်ထဲက ထပ်ပြီးတော့ စဉ်းစားသင့်ပါတယ်၊ လုပ်ဆောင်ပေးသင့်ပါတယ်ဆိုတဲ့ တိုက်တွန်းတဲ့ အဆိုမျိုးပဲ ဖြစ်သင့်တယ်လို့ ယူဆပါတယ်ခင်ဗျ။”

နိုင်ငံရေးဆွေးနွေးပွဲတွေ တောင်းဆိုနေပေမဲ့လည်း အမှန်တကယ် ဆွေးနွေးခွင့်တွေ ရရှိဖို့ထက် ပါဝင်မယ့်သူတွေကို အပြန်အလှန် ဆုံးဖြတ်နေကြတာနဲ့တင် ဆွေးနွေးပွဲတွေဖြစ်ရေး ခရီးမရောက်တာဟာ သိပ်တော့ မကောင်းဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“အဓိကတော့ဗျာ အလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်ဗျာ။ နောက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ကိစ္စကဗျာ တိုင်းဒေသကြီး လွှတ်တော်ထဲကနေပြီးတော့ အရေးတကြီး အဆိုတွေ တင်သွင်းပြီး ဆုံးဖြတ်နေတာလည်း သိပ်သဘာဝမကျဘူးလို့ ကျနော်ထင်တယ်ဗျ။ အဓိက ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကျနော်တို့ ပြောနေတာက ကိုယ်စားပြုမှု အရှိဆုံးပုဂ္ဂိုလ်တွေက စရမှာပေါ့။ အဲ့ဒီကနေစပြီးတော့ နောက်ပိုင်းကျတော့လည်း ပါသင့်ပါထိုက်သူတွေ ချဲ့သွားတာပေါ့ဗျာ။ အဓိက အစဖြစ်ဖို့ပဲ။ အစဖြစ်ဖို့အရေးကို အစမဖြစ်ဘဲနဲ့ အစတွေ စွဲထုတ်နေတဲ့ကိစ္စ အဲ့ဒါမျိုးပဲ တွေ့နေရတယ်။ အဲတော့ အလုပ်ဖြစ်ဖို့က အရေးကြီးတယ်ဗျာ။ တကယ်အလုပ်ဖြစ်ချင်ရင် လုပ်လို့ဖြစ်ပါတယ်ဗျာ။ အရင်တုန်းကလည်း လုပ်ခဲ့ဖူးတဲ့ သာဓကတွေ ရှိတာပဲလေ။ အလုပ်မဖြစ်ချင်ဘူးဆိုရင်တော့ မလုပ်ဖူးပေါ့ဗျာ။”

နိုင်ငံရေးအင်အားစုတွေကတော့ အခုလို အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ခပ်စိတ်စိတ် အဆိုတင်သွင်း တောင်းဆိုတာကို အစိုးရဘက်ကတော့ အလေးအနက်ထားစဉ်းစားဖို့ လိုလာပြီလို့လည်း ပြောဆိုလာကြပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသား အင်အားစုတွေ ပါဝင်မှုနည်းနေတာကြောင့် တိုင်းရင်းသားလူမျိုး ၆ စု ထပ်မံ ပါဝင်ပြီးတော့ ၁၂ ပွင့်ဆိုင် ဆွေးနွေးရေး စီစဉ်ပေးဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးအတွင်း အရေးတကြီး အဆိုတင်သွင်း တောင်းဆိုခဲ့ပါတယ်။ သမ္မတ ပြောခွင့်ရှိသူ ဦးရဲထွဋ် ကတော့ အခုတောင်းဆိုထားတဲ့ ၁၂ ပွင့်ဆိုင် ဆွေးနွေးရေးနဲ့ပတ်သက်ပြီး လုပ်ဖြစ်ဖို့ ရှိ မရှိ အတည်ပြု ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။

ဒီအဆိုကို တင်သွင်းတာကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောထွန်းအောင်မြင့် ဖြစ်ပါတယ်။ ဒီလအတွင်းမှာပဲ ပြည်ထောင်စုလွှတ်တော်မှာ ၆ ပွင့်ဆိုင် တွေ့ဆုံပေးဖို့ အရေးကြီး အဆိုတင်သွင်း တောင်းဆိုထားပေမဲ့လည်း အစိုးရဘက်က တုံ့ပြန်မှု မရှိသေးတဲ့အတွက် တွေ့ဆုံမှု အထ မမြောက်သေးသလို ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးကလည်း ဖြစ်နိုင် မဖြစ်နိုင် စောင်ကြည့်ရမယ့် အနေအထားလို့လည်း မြန်မာ့အရေးလေ့လာသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG