သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time Person of the Year - အီဘိုလာရောဂါ တိုက်ဖျက်ရေး ပုဂ္ဂိုလ်တွေကို ရွေးချယ်


အီဘိုလာရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေကို ၂၀၁၄ ခုနှစ်ရဲ့ အထူးခြားဆုံး လူပုဂ္ဂိုလ်များအဖြစ် အမေရိကန် ပြည်ထောင်စုက ထုတ်ဝေတဲ့ Time သတင်းမဂ္ဂဇင်းကြီးက အသိအမှတ်ပြုလိုက်ပါတယ်။

Time မဂ္ဂဇင်းကြီးရဲ့ အယ်ဒီတာ Nancy Gibbs က ဆရာဝန်တွေနဲ့ သူနာပြုတွေဟာ၊ သူမရဲ့ အသုံးအနှုန်းအရ ဒီစစ်ပွဲကြီးကို ကြံ့ကြံ့ခံ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ သူတို့ဟာ သူတပါးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူတို့ရဲ့ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ရှိတဲ့ကြားက အားကြိုးမာန်တက် အကြင်နာတရားအပြည့်နဲ့ မမောနိုင်မပမ်းနိုင် ဆောင်ရွက်ခဲ့ကြသူတွေ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

ဒီကျန်းမာရေးဝန်ထမ်းတွေဟာ ကမ္ဘာအနံှ့က လာရောက်ကြသူတွေပါ။ အဲဒီအထဲမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့ Samaritan’s Purse ခရစ်ယာန် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တွေလည်း ပါဝင်တယ်လို့ Gibbs ကပြောပါတယ်။

တချို့ ကျန်းမာရေးအမှုထမ်းတွေက ရောဂါကူးစက်ခံရပြီး အသက်မသေဘဲ ကျန်ရစ်ခြင်းဟာ တခြားသူတွေကို ကူညီနိုင်ဖို့ ဘုရားသခင်က သူတို့တတွေကို ဒုတိယအကြိမ် အခွင့်အလမ်း ဖန်တီး ပေးလိုက်တာဖြစ်တယ်လို့ ယူဆကြောင်း Time မဂ္ဂဇင်းကို ပြောပြခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတ Barack Obama က ဒီသတ္တိရှိလှတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအတွက် လွန်စွာမှ ဂုဏ်ယူကြောင်းနဲ့ အခုလို ရထိုက်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိတဲ့အတွက်လည်း ဝမ်းသာတဲ့အကြောင်း ပြောကြားခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင်ရသူ John Earnest က ပြောပါတယ်။ Time မဂ္ဂဇင်းကို ၁၉၂၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး၊ ၁၉၂၇ ခုနှစ်က Man of the Year အဖြစ် လေယာဉ် တီထွင်ခဲ့သူ Charles Lindberg ကို ရွေးချယ်ခဲ့ပါတယ်။

နှစ်စဉ် ဂုဏ်ပြုရွေးချယ်မှုများဟာ လူကြိုက်များမှုအပေါ်မှာ အမြဲတမ်း အခြေခံတာတော့ မဟုတ်ပါဘူး။ ရွေးချယ်ခံခဲ့ရတဲ့ လူပုဂ္ဂိုလ်စာရင်းထဲမှာ Adolf Hitler, Josef Stalin နဲ့ အီရန်နိုင်ငံက Ayatollah Khomeini တို့လည်း ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG