သုံးရလွယ်ကူစေသည့် Link များ

ဆစ်ဒနီပြန်ပေးသမား စိတ်ကျန်းမာရေးချို့တဲ့သူဟု ၀န်ကြီးချုပ်ပြော

  • ဗွီအိုအေ (မြန်မာဌာန)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က စားသောက်ဆိုင်တခုမှာ ဓားစာခံတွေကို ဖမ်းဆီးခဲ့သူဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူ တဦးဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ် Tony Abbott က ပြောလိုက်ပါတယ်။ ပြန်ပေးဆွဲ ဖမ်းဆီးမှုအတွက် ၀မ်းနည်းဖွယ်အခမ်းအနား ဒီကနေ့ ကျင်းပရာမှာလည်း ၀န်ကြီးချုပ် တက်ရောက်ခဲ့တာပါ။

ဒေသစံတော်ချိန် အင်္ဂါနေ့ အစောပိုင်းက ဓားစာခံတွေ လွတ်မြောက်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချောကလက်ကဖေးဆိုင်ကို ၀င်ရောက်စီးနင်းခဲ့ရာမှာတော့ သေနတ်သမားနဲ့ ဓားစာခံ ၂ ဦးလည်း သေဆုံးခဲ့ပါတယ်။

ယာယီစီစဉ်ထားတဲ့ ၀မ်းနည်းဖွယ် အခမ်းအနားမှာ လွမ်းသူ့ပန်းစည်းချအပြီးမှာတော့ အီရန်နိုင်ငံဖွား သေနတ်သမားဟာ ရာဇ၀တ်မှု၊ စိတ်ဝေဒနာနဲ့ အစွန်းရောက် လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်တဲ့ မှတ်တမ်းရှိသူတဦး ဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ် Abbott က ပြောဆိုခဲ့တာပါ။

နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို သြစတြေးလျနိုင်ငံ အနေနဲ့လည်း ရှောင်ရှားနိုင်မှာ မဟုတ်ပေမဲ့ ပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။

ဓားစာခံတွေကို ဖမ်းဆီးခဲ့တဲ့ အသက် ၅၀ အရွယ် Man Haron Monis အကြောင်းကို သြစတြေးလျ အာဏာပိုင်တွေ သိထားပြီးဖြစ်ပေမဲ့ အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခံထားရသူတဦးတော့ မဟုတ်ဘူးလို့လည်း ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

မူဆလင် ဘာသာရေး ခေါင်းဆောင်တဦးအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ သေနတ်သမားဟာ ၂၀၁၃ ခုနှစ်တုန်းက ဇနီးသည်ကို သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး တရားစွဲဆိုခံထားရတာ ဖြစ်ပေမဲ့ အာမခံနဲ့ ပြန်လွှတ်ပေးထားတာပါ။ အာဖဂန်စစ်ပွဲမှာ သေဆုံးခဲ့ကြတဲ့ သြစတြေးလျ စစ်သည်တွေရဲ့ မိဘတွေထံ ခြိမ်းခြောက်စာတွေ ပေးပို့မှုနဲ့လည်း အရေးယူ ခံခဲ့ရဖူးသူ ဖြစ်ပါတယ်။

XS
SM
MD
LG