သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကျောင်း တိုက်ခိုက်ခံရမှု လူ ၁၃၀ သေဆုံး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Peshawar မြို့က ကျောင်းတကျောင်းမှာ ကျောင်းသားအများစု အပါအဝင် လူပေါင်း ၁၃၀ မကကို သတ်ဖြတ်ခဲ့တဲ့ တာလီဘန်စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ် ပြီးဆုံးသွားပါပြီ။

စစ်ယူနီဖောင်းဝတ်ထားပြီး ဖောက်ခွဲရေးပစ္စည်းတွေ ကိုယ်မှာတပ်ထားတဲ့ စစ်သွေးကြွတွေက စစ်တပ်က ဖွင့်ထားတဲ့ကျောင်းကို ဒီကနေ့ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွအနည်းဆုံး ၆ ဦးကို သတ်ပစ်လိုက်တယ်လို့ စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။

ငိုကြွေးနေကြတဲ့ ကျောင်းသားမိဘတွေ ဆေးရုံကို ရောက်လာကြပြီး သူတို့ကလေးတွေရဲ့ ရုပ်အေလာင်းတွေဆီကို လိုက်လာကြပါတယ်။ အခြားသူတွေကလည်း ဒဏ်ရာရသူ ၁၀၀ ကျော်အတွက် သွေးလှူဒါန်းဖို့ ဆေးရုံကို လာရောက်ကြတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

ဝန်ကြီးချုပ် Nawaz Sharif က ဒီတိုက်ခိုက်မှုကို ရှုတ်ချပြီး၊ ဒီဖြစ်ရပ်ဟာ တတိုင်းပြည်လုံးအတွက် ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ရပ်လို့ ပြောပါတယ်။ Peshwar မြို့ကို ဒီနေ့ပဲ ရောက်လာတဲ့ Mr.Sharif က ဒီကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်ကြောင့် အစိုးရဟာ နောက်တွန့်သွားမှာ မဟုတ်ဘူး၊ စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ ဆက်ပြီး ပြုလုပ်နေမယ်လို့ ကတိပြုသွားပါတယ်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh ကလည်း ဒီသရဲဘောကြောင်ပြီး လူမဆန်တဲ့ တိုက်ခိုက်မှုက အကြမ်းဖက်မှုရဲ့ သရုပ်မှန်ကို ချပြလိုက်တာပဲဖြစ်တယ်လို့ Twitter လူမှုကွန်ယက်မှာ မှတ်ချက်ရေးသွားပါတယ်။

ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း အာဖဂန်နယ်စပ်နဲ့ ကပ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး အစိုးရက စစ်ဆင်ရေးတွေလုပ်တာကို လက်စားချေတဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဆိုပြီး တာလီဘန်ပြောခွင့်ရသူက ဆိုပါတယ်။

XS
SM
MD
LG