သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးဝန်ဆောင်မှု မြှင့်တင်ရေးစီမံကိန်း


ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားရုံးတွေ ဝန်ဆောင်မှုမြှင့်တင်နိုင်ဖို့ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းတရပ်ထားပြီး ဆောင်ရွက်မယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ စံသတ်မှတ်ချက်တွေ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေရဲ့ တရားရေး စံသတ်မှတ်တွေကို လေ့လာပြီး ဒီစီမံကိန်းကို စီမံချက်ထား ဆောင်ရွက်မှာလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း ၆၀ ကျော် ယိုယွင်းခဲ့တဲ့ မြန်မာနိုင်ငံ တရားစီရင်ရေးကို ဒီစီမံကိန်းက ဘယ်လောက် တည့်မတ်နိုင်မလဲဆိုတာ ပြည်တွင်းက တရားလွှတ်တော် ရှေ့နေအသိုင်းအဝိုင်းက စောင့်ကြည့်နေကြပါတယ်။ အပြည့်အစုံကို ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် တလျှောက်လုံးရော၊ စစ်အစိုးရလက်ထက် တလျှောက်လုံးမှာပါ ယိုယွင်းယိုင်နဲ့နေတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်းရေးစနစ်ကို အခုဆောင်ရွက်မယ့် တရားမျှတမှု အတူတကွ မြှင့်တင်ရေး တရားစီရင်ရေးဆိုင်ရာ ၃ နှစ် မဟာဗျူဟာ စီမံကိန်းက တည့်မတ်နိုင်မလားဆိုတာကို ပြည်တွင်းက တရားရေးအသိုင်းအဝိုင်းက စိတ်ဝင်တစား ရှိနေကြပါတယ်။

ဒီနေ့ရက်စွဲနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်လာတဲ့ ဒီစီမံကိန်းဟာ စက္ကူဖြူစီမံကိန်းတရပ် မဖြစ်ဖို့ လိုတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော့်အနေနဲ့ ပြောချင်တာကတော့ အဲဒီလို မဟာဗျူဟာမြောက်တဲ့ စီမံကိန်းတွေကို ရေးဆွဲပြီး ထုတ်ပြန်နေရုံမျှနဲ့ မလုံလောက်သေးဘူး။ လက်တွေ့ကျတဲ့ စီမံကိန်း အကောင်အထည် ဖော်မှုတွေကို မဆောင်ရွက်နိုင်ဘဲနဲ့ ဆိုရင်တော့ စက္ကူဖြူစာတမ်း တခုသာ ဖြစ်နေပါလိမ့်မယ်။ အဲဒါတွေကို လုပ်ဖို့ဆိုလို့ရှိရင် လက်တွေ့ တရားခွင်မှာ အမှုလိုက်နေတဲ့ ရှေ့နေတွေကိုပါ ဖိတ်ခေါ်ပြီးတော့ တရားစီရင်ရေးလောက တိုးတက်ရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေးနွေးတိုင်ပင် ညှိနှိုင်းသင့်တယ်။”

တရားရေး ၃ နှစ် မဟာဗျူဟာ စီမံကိန်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးရဲ့ စီမံကိန်းရေးဆွဲရေးအဖွဲ့ကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မှာဖြစ်သလို၊ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်တွေ၊ အာရှ-ပစိဖိတ်ဒေသတွင်းက တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာပြီး ဆောင်ရွက်မှာလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုဆောင်ရွက်မယ့် စီမံကိန်းဟာ နှစ်ပေါင်း ၆၀ ကျော် ယိုင်နဲ့နေတဲ့ မြန်မာနိုင်ငံက တရားရေးလောကအတွက်တော့ ကောင်းမွန်တဲ့သတင်းဖြစ်ပြီး ဒီစီမံကိန်း ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိအောင် ဆောင်ရွက်မလဲကတော့ စောင့်ကြည်ရမယ်လို့ စီပွားရေးနဲ့ ဥပဒေရေးရာ အကြံပေး ဦးတင်သန်းဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“Government media အစိုးရရဲ့ မီဒီယာကနေ ထုတ်ပြန်ကြေညာလိုက်တဲ့ ဒီသတင်းလေးကတော့ ကောင်းတဲ့ သတင်းလေးတခု ဖြစ်တယ်လို့ ပြောရမှာပေါ့။ နှစ်ပေါင်းများစွာ ခြစားပျက်စီးနေတဲ့ တရားရေးကဏ္ဍကို မျှတမှန်ကန်တဲ့ တရားစီရင်ရေးစနစ်နဲ့ ပြည်သူတွေ ယုံကြည်သက်ဝင်လာအောင် ဥပဒေအပေါ်မှာ ယုံကြည်သက်ဝင်လာအောင် ဘယ်လိုပြုပြင်မလဲ ဆိုတာကတော့ အဲဒီကြေညာတဲ့သူနဲ့ အဲဒီအဖွဲ့အစည်းတွေရဲ့ စွမ်းရည်ကို ဆရာတို့က စောင့်ကြည့်ရမယ်လို့ ပြောရမှာပေါ့။”

ဒီစီမံကိန်း ဆောင်ရွက်မယ့်အပေါ်မှာ ကြိုဆိုမှုတချို့လည်း ရှိနေပါတယ်။ ပြည်နယ်နဲ့တိုင်းတရားသူကြီး အငြိမ်းစား ဦးမောင်မောင်ကြီးကတော့ တရားရေးလောကအပေါ် ကောင်းမွန်တဲ့ ဆောင်ရွက်ချက် ဖြစ်လာမယ့် ဒီစီမံကိန်းကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“ကြိုဆိုပါတယ်။ တရားစီရင်ရေး တိုးတက်ကောင်းမွန်အောင် လုပ်တဲ့ကိစ္စ မှန်သမျှ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပုံစံနဲ့လုပ်လုပ် တိုးတက် ကောင်းမွန်လာတယ်ဆိုရင် ကျနော်တို့က ကြိုဆိုတယ်၊ လက်ခံတယ်၊ ဖြစ်စေချင်တယ်။ အဲဒီလိုစီမံချက် ကျနော်တို့ တခါမှ မရှိဖူးပါဘူး။ အခုတော့ ကျနော်တို့ သတင်းစာထဲမှာ တွေ့ရတာပေါ့လေ။ ကျနော်ထဲထဲဝင်ဝင်တော့ မသိဘူးဗျ။ နိုင်ငံခြား တရားရေး အကြီးအကဲတွေနဲ့ ဒီမှာလက်မှတ် ရေးထိုးတာတွေ ဘာတွေတော့ ကျနော်ကြားတယ်။ အရင်တော့ သိပ်တော့မရှိဘူး။ ကိုယ့်နိုင်ငံတွင်းမှာ ပြည်တွင်းရေးမှာ ပြည်သူ့တရားစီရင်ရေး၊ လုပ်သားပြည်သူ့ အကျိုးပြု တရားစီရင်ရေး စသဖြင့်ပေါ့လေ အဲဒီလိုပဲ ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတာပဲ။ အဲဒီလို ၃ နှစ် စီမံကိန်းတို့၊ ဘာတို့ တရားစီရင်ရေး လုပ်တဲ့အခါမှာ ဘယ်လို ချောမွေ့အောင် လုပ်မလဲ၊ အဂတိကင်းအောင် ဘယ်လိုလုပ်မလဲ၊ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်အောင် ဘယ်လိုလုပ်မလဲ အဲဒါတွေကတော့ ကျနော်တို့ စဉ်းစားပြီး ဆွေးနွေးရမှာပေါ့။”

တရားရေးဝန်ဆောင်မှု မြှင့်တင်မယ့် ဒီ ၃ နှစ် စီမံကိန်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်ထည်ဖော်ရေး ကော်မတီက ကြီးကြပ်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ မိတ်ဘက် တရားရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

ဒီ ၃ နှစ် စီမံကိန်းထဲမှာတော့ တရားရုံးတွေကို အသုံးပြုနေတဲ့ ပြည်သူတွေရဲ့ ကျေနပ်မှုတွေကို တိုင်းတာမှာ ဖြစ်သလို၊ တရာရုံး ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပြည်သူတွေ သတင်းအချက်အလက် ရအောင်ဆောင်ရွက်ပေးတာ၊ မှုခင်းလုပ်ငန်းစဉ်တွေကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးနိုင်မျိူး ရှိ မရှိ တိုင်းတာတာတွေအပြင် တရားသူကြီးတွေရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း ပို့ချပေးမှာဖြစ်တယ်ဆိုပြီးတော့ ပါရှိတာကိုလည်း တွေ့ရပါတယ်။

XS
SM
MD
LG