သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးထင်လင်းဦးအမှု အာမခံမပေး


(Credit: Htin Lin Oo's Facebook)
(Credit: Htin Lin Oo's Facebook)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပြန်ကြားရေးအဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်းဦးကို ပုဒ်မ ၂၉၅ (က) နဲ့ ချောင်းဦးတရားရုံးမှာ တရားစွဲခဲ့ပြီးနောက် အာမခံမပေးဘဲ အချုပ်နဲ့ တရားရင်ဆိုင်ဖို့ ဖမ်းဆီးလိုက်ပါတယ်။ အကြောင်းစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့မှာလုပ်ခဲ့တဲ့ စာပေဟောပြောပွဲအတွင်း ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဝေဖန်ဟောပြောခဲ့တာကြောင့်ဆိုပြီး သာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ စာရေးဆရာ ထင်လင်းဦးကို တရားစွဲဆိုထားတာပါ။ ဒီဇင်ဘာလ ၁၇ ရက်နေ့ တရားရုံးထုတ်ချိန်မှာတော့ သူ့ကို အာမခံမပေးဘဲ ဖမ်ဆီးခဲ့ပါတယ်။

ဒီပုဒ်မဟာ အာမခံပေးလေ့တော့ မရှိတဲ့အကြောင်း တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့တော့ အာမခံပေးရင် ရနိုင်ကြောင်းကို ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ဆိုပါတယ်။

“၂၉၅ (က) ကတော့ များသောအားဖြင့် ရုတ်တရက် အာမခံပေးလေ့ပေးထ မရှိဘူး။ ဆက်ဖြစ်သွားပြီးတော့ စွဲချက်မတင်ဘဲနဲ့လည်း၊ သူက စွဲချက်တင်ပြီးတော့လည်း ဆက်ဖြစ်သွားပြီးတော့ ပြစ်ဒဏ်ချတယ်။ များသောအားဖြင့် ၂၉၅ (က) က ပြစ်ဒဏ်ချတာ များတာပဲ။ အဲဒီတော့ ပြစ်ဒဏ်ချတာ များတယ်ဆိုတော့ အဲဒါမျိုး အာမခံ မပေးရဘူးလားဆိုတော့ ၂ နှစ်ဆိုတဲ့ဟာက အာမခံပေးမယ်ဆိုရင် တရားရုံးရဲ့ ဆင်ခြင်တုံအရ ပေးလို့ရတယ်။ ဒါပေမဲ့ သူတို့က ဘာအကြောင်းကြောင့် မပေးကြသလဲဆိုတော့ ဒီသာသနာရေးနဲ့ ဖြစ်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ပေးလေ့ပေးထ မရှိဘူးဆိုတဲ့ သဘောမျိုးကို သူတို့လုပ်တာပေါ့နော်။ အာမခံက သေဒဏ်နဲ့ တသက်တကျွန်း ပြစ်ဒဏ်ကျနိုင်တဲ့ အမှုကလွဲရင် ကျန်တဲ့ဟာတွေ အာမခံအဖြစ် တရားရုံးများက ကျင့်စဉ်တခုအနေနဲ့ ပေးလေ့ပေးထရှိတယ်။ အဲဒီတော့ အာမခံကို ငြင်းပယ်တာဟာ အာမခံပေးလေ့ပေးထ ရှိတယ်ဆိုတာ အစဉ်အလာဖြစ်တယ်၊ ငြင်းပယ်တာ ခြွင်းချက်ဖြစ်တယ်ဆိုတဲ့ ဥပဒေသတော့ ရှိတာပေါ့။”

စာရေးဆရာ ထင်လင်းဦးဟာ သူရဲ့ဟောပြောချက်တွေအတွင်း မြတ်စွာဘုရားဟာ မြန်မာလူမျိုးမဟုတ်ကြောင်း၊ တိုင်းရင်းသားမဟုတ်တဲ့အကြောင်း ဗုဒ္ဓ ဟာ ဘယ်သူကိုတော့ မုန်းစေ ဘယ်သူကိုတော့ ချစ်စေဆိုပြီး ခွဲခြားမှုတွေ မရှိခဲ့ကြောင်း သူ့ရဲ့အတွေးအခေါ်တွေကြောင့်သာ သူ့ကို ကိုးကွယ်ကြတာ ဟုတ် မဟုတ် မေးခွန်းထုတ်ခဲ့ပါတယ်။ ဆဒ္ဒန်ဆင်မင်းဇာတ်မှာ ဆင်မင်းကို လုပ်ကြံတဲ့ မုဆိုးဟာ သင်္ကန်းအကာအကွယ်ယူ လုပ်ကြံသလို ဗုဒ္ဓဘာသာကိုလည်း သင်္ကန်းဝတ်များက ဖျက်ဆီးမှုများ ရှိနေကြောင်း သမိုင်းဆိုင်ရာ အကိုးအကားတွေနဲ့ ထောက်ပြပြီး ဟောပြောခဲ့တာပါ။

ဘာသာရေးနဲပတ်သက်ပြီး ထိလွယ်ရှလွယ်ဖြစ်နေချိန်မှာ သူ့ရဲ့ဟောပြောမှုတွေက အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ချုပ် (မဘသ) ကတော့ စာရေးဆရာ ထင်လင်းဦးနဲ့ NLD ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး တောင်းပန်ဖို့ ပြောဆိုခဲ့တာပါ။ သူ့ဟောပြောချက်တွေနဲ့ ပတ်သက်လို့ စာရေးဆရာ ထင်လင်းဦးဟာ အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ချုပ် (မဘသ) သံဃာတွေရှိရာကိုသွားပြီး ဝန်ချ တောင်းပန်ခဲ့ပါတယ်။

အခုလို အာမခံမပေးဘဲ ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်းက ပါတီအနေနဲ့ စစ်ဆေးမေးမြန်းဆဲကာလမို့ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

“သူ့ကို ဘာကြောင့် စွဲသလဲ၊ ဘယ်လိုကြောင့် စွဲသလဲ၊ နောက်ပြီးတော့ ကျနော်တို့က ဆရာကိုထိန်လင်းနဲ့ ပတ်သက်ပြီးတော့ သူပြောဆိုခဲ့တဲ့ ကိစ္စတွေပေါ့နော်၊ ကျနော်တို့က သူ့ကိုမေးမြန်းစုံစမ်းနေတာတွေ ရှိပါတယ်။ ကျနော်ပြောတာလေ။ တရားရုံးကိစ္စတွေ ဖြစ်တဲ့အခါကျတော့ တရားရုံးက ဘာကြောင့်မပေးတာလဲ၊ ပေးနိုင်လျက်သားနဲ့ မပေးတာလား၊ ဒါတွေကတော့ ကျနော်တို့ ပြန်စစ်ရမှာပေါ့။ အခုချက်ခြင်း ကျနော်ပြောလို့တော့ မရပါဘူး။ ကျနော်တို့ကတော့ သူ့ကိုစုံစမ်းမေးမြန်းနေတဲ့ ကာလမှာ သူ့ကိုအရေးယူလိုက်တာကိုး။ တရားရုံးကနေ တဖက်တိုင်လို့ အရေးယူတာ။ အဲဒီဥစ္စာကို ကျနော်တို့က ပြန်ပြီးတော့ တိုင်ပင်ရမှာပေါ့။”

NLD ပါတီကတော့ စာရေးဆရာ ထင်လင်းဦရဲ့ ဟောပြောချက်တွေဟာ ပါတီနဲ့မသက်ဆိုင်ကြောင်း ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးနေကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ သူ့ရဲ့အငြင်းပွားဖွယ် ဟောပြောချက်နဲ့ပတ်သက်လို့ ထောက်ခံသူများလည်းရှိသလို ကန့်ကွက်သူများရှိပြီး သာသနာကို စော်ကားတယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရပါတယ်။

XS
SM
MD
LG