သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက် ကိုယ်စားလှယ်မပါတဲ့ ဥပဒေကြမ်း ကော်မတီသစ်


မြန်မာ့လွှတ်တော်အစည်းအဝေး။
မြန်မာ့လွှတ်တော်အစည်းအဝေး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်တွေကို အဓိက ပြင်ဆင်ရမယ့် လွှတ်တော် ၂ ရပ်ပေါင်း ဥပဒေကြမ်း ကော်မတီကို ဒီရက်ပိုင်းမှာ ပြန်လည် ဖွဲ့စည်းခဲ့ ပါတယ်။ ပြင်ဆင်လိုက်တဲ့ ကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါတော့ဘူး လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ရဲ့ အတွင်းရေးမှူး က ပြောပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ဒီကော်မတီထဲမှာ တပ်မတော်ဘက် လွှတ်တော်ကိုယ်စားလှယ်တွေ မပါတော့ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ အကျိုးသက်ရောက်မှု ရှိနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ ကိုအောင်ရဲမောင်မောင် သတင်းပေးပို့ထားပါတယ်။

လွှတ်တော် ရပ်နားထားပေမဲ့ လွှတ်တော်ရဲ့ အရေးကြီးတဲ့ ကော်မတီ တစ်ခု ဖြစ်တဲ့ လွှတ်တော် ၂ ရပ်ပေါင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီကတော့ လွှတ်တော်ထဲမှာ သီးသန့် သူတို့ ကော်မတီ အစည်းအဝေးတွေ လုပ်ပြီး ဒီရက်ပိုင်း အတွင်း မှာပဲ ကော်မတီကို အသစ်ပြင်ဆင်ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပတ်သက်တဲ့ ပြင်ဆင်ချက်တွေကို အဓိက ပြင်ဆင်ရမယ့် ဒီဥပဒေကြမ်းကော်မတီ ထဲမှာ အရင်က စစ်တပ်ကိုယ်စားလှယ်တွေ ပါရှိခဲ့ပေမဲ့ ပြန်ဖွဲ့စည်း လိုက်တဲ့ ကော်မတီမှာ စစ်တပ်ကိုယ်စားပြု ကိုယ်စားလှယ်တွေ မပါရှိတော့ဘူး လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကပြောပါတယ်။

" ဥပဒေကြမ်း ပူးပေါင်းကော်မတီက မူလကတော့ တဖက် ပြည်သူ့လွှတ်တော်မှာ ဆယ့်ငါးဦး၊ အမျိုးသားလွှတ်တော်မှာ ဆယ့်ငါးဦး၊ စုစုပေါင်း သုံးဆယ်နဲ့ပေါ့နော်။ အဲ့တော့ ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက၊ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် သုံးဆယ့်တစ်ဦး ဖြစ်သွားတာပေါေ့နာ်။ အခုပြင်ဆင်လိုက်တဲ့ အဖွဲ့မှာကတော့ ဥပဒေကြမ်း၊ ပြည်သူလွှတ်တော် ကော်မတီက ခုနှစ်ဦး၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီက ခုနှစ်ဦး၊ စုစုပေါင်း ဆယ့်လေးဦး၊ ဆယ့်လေးဦး ကိုမှ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက က ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတော့ စုစုပေါင်း ဆယ့်ငါးဦးနဲ့ အသစ်ပြန်ဖွဲ့လိုက်တယ်။"

ဖွဲ့စည်းပြီးသား လွှတ်တော် ကော်မတီတွေကို အသစ်ပြန်ဖွဲ့လေ့ရှိတာမျိုး သိပ် မတွေ့ရပေမဲ့ အခု ဥပဒေကြမ်းကော်မတီကို ပြည်ထောင်စု လွှတ်တော် နာယက ညွှန်ကြားချက် ရှိလာတဲ့အတွက် ပြန်ပြီးတော့ ဖွဲ့စည်းရတာဖြစ်တယ်လို့ ဦးစောလှထွန်းကပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်းငန်းစဉ်တွေကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ၃၁ ဦး ကော်မတီ က၂၀၀၈ အခြေခံ ဥပဒေ နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ လိုအပ်တဲ့ အချက်တွေကို ထုတ်နုတ်ပြီးရင် ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ အချက်တွေကို လွှတ်တော် ၂ ရပ်ပေါင်း ဥပဒေကြမ်း ပူပေါင်းကော်မတီက ဆက်လက် တာဝန်ယူ ရေးဆွဲ ရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်း ပြင်ဆင်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲရမယ့် ဒီကော်မတီထဲမှာ တပ်မတော်သား စစ်တပ် ကိုယ်စားလှယ်တွေ မပါတာဟာ ဖွဲ့စည်းပုံကို ဒီမိုကရေစီ အင်အားစုတွေ လိုလားတဲ့အတိုင်း ပြင်ဆင်ရေးဆွဲနိုင်မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။

ဒါပေမဲ့ အခုလို စစ်တပ် ကိုယ်စားလှယ်တွေ ဒီဥပဒေကြမ်းကော်မတီ မှာ မပါတော့တာနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ ချောမွေ့လာမယ့် ပုံစံမျိုးတော့ မရှိနိုင်ဘူးလို့ ရှုု့မြင်တဲ့ အကြောင်း မြန်မာ့အရေး လေ့လာ အကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်း ကပြောပါတယ်။

"ဥပဒေကြမ်းကော်မတီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို ဖယ်ရှားရုံ သပ်သပ်နဲ့ တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ထင်သာမြင်သာတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေ နည်းတယ်လို့ ကျနော်က ယူဆတယ်။ တကယ်တမ်း ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်တဲ့အခါကျတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လို့ရှိရင် ဒီပုဒ်မတွေ ပြင်ဆင်ရေးဟာ ဖြစ်နိုင်ခြေ မရှိတာကို တွေ့ရတယ်။ အဲ့ဒီ့အခါကျတော့ ကျနော့်အမြင် အားဖြင့်တော့ လက်ရှိ ဥပဒေကြမ်းကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါတာဟာ သိပ်ပြီး ထူးခြားတဲ့ အခြေအနေတခုလို့ ကျနော် ကတော့ မယူဆဘူး။"

ဒေါက်တာ ရန်မျိုးသိမ်း ပြောဆိုချက်ကို အတိုက်အခံပါတီ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ က တာဝန်ရှိသူ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကလည်း ထောက်ခံပါတယ်။

" တပ်မတော်သား ကိုယ်စားလှယ်တွေ ဆိုတာက ကျနော်တို့က ၂၅% ပါတယ်လို့ ဘယ်လိုပဲပြောပြောပေါ့လေ။ အမိန့်က တခုတည်းပဲကိုး။ ကျနော်ပြောတာ။ အဲ့တော့ ကျနော်တို့က ဒီဥပဒေကြမ်းကို ပြန်လည်ပြင်ဆင်ရေးဆွဲမယ်လို့ ကျနော်တို့ ပြောလို့ ဆိုရင် တပ်မတော်သား တဦးပါလို့ရှိရင်လည်း သူတို့ ၂၅% ရဲ့ သဘောထားက တခုတည်းပဲ ဖြစ်မှာကိုး။ အဲ့တော့ ကျနော်ပြော တာက ရှေ့ဆက် ခွဲမယ့် ကိစ္စမှာ ဒီအခက်အခဲ၊ ဒီတပ်မတော်သားတွေ အနေနဲ့က သူတို့ရဲ့ ဆန္ဒကို လွတ်လပ်စွာ မပေးနိုင်လို့ မထည့်တာများ ဖြစ်မလားပေါ့။"

လက်ရှိအချိန်မှာဆိုရင်တော့ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဒီမိုကရက်တစ် စံနှုန်းတွေ နဲ့ ကိုက်ညီအောင်ပြင်ဆင်ဖို့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ နဲ့ ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံတွေကပါ တွန်းအားပေးနေတာပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့စစ်တပ် အပါအဝင် ၊ အစိုးရ အုပ်ချုပ်ရေးပိုင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လိုအပ် သလောက်ပဲပြင်ဆင်ဖို့ လိုလားနေတဲ့ အနေအထားတွေကိုလည်း တွေ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို လွှတ်တော် ထဲမှာ လေ့လာ သုံးသပ်ရေး ကော်မတီက လေ့လာနေပြီးတော့ ရှေ့လာမဲ့ လွှတ်တော် အစည်းအဝေးတွေ အတွင်းမှာ ပြင်ဖို့ရှိတဲ့ အချက်တွေကို ဥပဒေ ကြမ်း တရပ်ထွက်လာအောင် ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG