သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဘရန်ရှောင်အမှု အမြန်ရုပ်သိမ်းရေး လူ့အခွင့်ရေးအဖွဲ့တွေ တောင်းဆို


ကချင်လွတ်မြောက်ရေးအဖွဲ့ ရှေ့တန်းစစ်မျက်နှာ။
ကချင်လွတ်မြောက်ရေးအဖွဲ့ ရှေ့တန်းစစ်မျက်နှာ။

ကချင်ပြည်နယ်မှာ တရားစွဲဆိုခံထားရတဲ့ ဦးဘရန်ရှောင်အမှုကို တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးအဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ခြောက်ဖွဲ့ပူးပေါင်းပြီး သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ကချင်ပြည်နယ် ဖားကန့်မှာ ၂၀၁၂ စက်တင်ဘာလတုန်းက စစ်တပ်ရဲ့ ပစ်ခတ်မှုနဲ့ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ မဂျာဆိုင်းအိမ်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမျိုးသား လူအခွင့်အရေးကော်မရှင်ကို သတင်းအချက်အလက်တွေ မမှန်မကန်ဖေါ်ပြတယ် ဆိုတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁နဲ့ ဖါးကန့်နယ်မြေ အခြေစိုက် စစ်တပ် တိုင်ကြားခဲ့တဲ့ ဦးဘရန်ရှောင်ကို တရားစွဲဆို ဖမ်းဆီး ချုပ်နှောင်ခဲ့တာပါ။ ဒါဟာ ဦးဘရန်ရှောင်အနေနဲ့ စစ်တပ်ရဲ့လက်တုန့် ပြန် တာကိုခံရတာလို့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ဦးဘရန်ရှောင်အပေါ် အရေးယူထားတဲ့ အမှုကို ချက်ချင်း ခြွင်းချက်မရှိ အမြန်ရုပ်သိမ်းပေးဖို့အပြင် ထိရောက်တဲ့ စုံစမ်း စစ်ဆေးမှုတွေကို အမြန် လုပ်ဆောင်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ မေတ္တာရပ်ခံစာပေးပို့ခဲ့တာဖြစ်တယ်လို့ HRW ရဲ့အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

"အခုဖြစ်နေတာက ကိုယ့်သမီး ကိုယ်တိုင် အသတ်ခံရလို့ သွားတိုင်တဲ့သူကို သိပ်ပြီး စိတ်ပျက်သွားစေသလို စိတ်ကုန်စရာကောင်းတာက မြန်မာစစ်တပ်ကို မဟုတ်မမှန် စွပ်စွဲမှုနဲ့က သူကိုယ်တိုင်ပြန်အဖမ်းခံနေရတာပါ။ ဒါကိုကြည့်ရင် စစ်တပ်ဟာ လက်တုန့်ပြန်တယ် ဆိုတာကို သိနိုင်သလို ဘေးကကြားရတဲ့လူကိုပါ စိတ်ပျက်စေတာပါ။ ကိုယ့်သမီး အသတ်ခံရတဲ့ ဘယ်သူမဆို သတ်တဲ့သူကို ဥပဒေအရ အရေးယူစေချင်တာ သဘာဝပါ။"

ဒီအမှုနဲ့ပတ်သက်ပြီး ဗွီအိုအေက မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို ဒီလဆန်းမှာ မေးမြန်းခဲ့စဉ်က ကော်မရှင်ကနေ စုံစမ်းမှုတွေလုပ်နေဆဲပဲလို့ တုန့်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့သြဇာလွှမ်းမိုးမှုနဲ့ တိုင်ကြားတဲ့ ဖခင်ဖြစ်သူ ပြန်ပြီး အရေးယူခံရတဲ့ဖြစ်ရပ်ကို ကာကွယ် မပေးနိုင် တာဟာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအတွက် အမျိူးသား လူ့အခွင့်အရေးကော်မရှင်ကိုလည်း မေးခွန်းထုတ်စရာတွေဖြစ်လာတယ်လို့ Brad Adams ကပြောပါတယ်။

"ဥပဒေဘောင်အတွင်းမှာ ဘက်လိုက်မှုမရှိတဲ့ တရားမျှတမှုလိုနေတာပါ။ အခုစိတ်မကောင်းစရာတွေ့ရတာက အခုအမှန်ကို သွားပြီးတိုင်ကြားခဲ့တဲ့သူ့အတွက် မျှတတဲ့ ရပိုင်ခွင့်ကို မရသလို လက်စားခြေတာကိုခံရပြီး ထောင်ကျခံရပါတယ်။ ဒီအမှုကိုကြည့်ရင် စစ်တပ်က သူတို့ရဲ့လုပ်ရပ်ကို တာဝန်ယူမှုမရှိသလို တရားရုံးမှာ သူတို့ကို အမှုဖွင့်ပြီး မပြောရဲလောက်အောင်ကြောက်နေရတာကိုတွေ့ရပါတယ်။"

ဒါအပြင် မြန်မာနိုင်ငံမှာ ကိုယ့်ဆန္ဒကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ခွင့်ရှိတဲ့ လူ့အခွင့်အရေး အပြင် စစ်မှန်တဲ့ တရားဥပဒေစိုးမိုးမှုမရှိပဲ လူထုဟာ အခုထိ စစ်တပ်ကို ကြောက်နေရတာမျိုး မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကို ဦးတည်ပေးပို့တဲ့ တောင်းဆိုမှုကို HRW လူ့အခွင့်အရေး အဖွဲ့ကြီးနဲ့ အတူ AI ခေ ါ်နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Fortify Rights/ Harvard နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့၊ ICJ နဲ့ PHR ခေါ် လူ့အခွင့်အရေး ဆိုင်ရာဆေးဝန်ထမ်းများအဖွဲ့တို့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG