သုံးရလွယ်ကူစေသည့် Link များ

ဆိုနီ ဆိုင်ဘာ တိုက်ခိုက်ခံရမှု မြောက်ကိုရီးယားလို့ ကန်စွပ်စွဲ


အမေရိကန်သမ္မတ အိုဘားမား (ဒီဇင်ဘာ ၁၉၊ ၂၀၁၄)

အမေရိကန် သမ္မတ Barack Obama က ဆိုနီရုပ်ရှင်လုပ်ငန်းအပေါ် ဆိုင်ဘာ ကနေ ဖောက်ထွင်းတိုက်ခိုက်ခဲ့မှုအပေါ် အလားတူပြင်းထန်မှုမျိုးနဲ့ တုံ့ပြန်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ဒီ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး FBI ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရိုကတော့ သောကြာနေ့မှာ မြောက်ကိုရီးယားကို ပထမဆုံး အနေနဲ့ လူသိရှင်ကြား စွတ်စွဲထားပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

အိမ်ဖြူတော်မှာ နှစ်ချုပ် သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ သမ္မတ Obama ကဆိုင်ဘာ တိုက်ခိုက်ရေးသမားတွေရဲ့ နောက်ထပ် တိုက်ခိုက်ဖို့ ခြိမ်းခြောက် မှုကြောင့် ဆိုနီကုမ္ပဏီအနေနဲ့ ဒီရုပ်ရှင်ကိုပြဖို့ ဖျက်သိမ်းလိုက်တာဟာ မှားယွင်းဆုံးဖြတ်မှုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို လုပ်ကြံဖို့ စိတ်ကူးယာဉ် ရိုက်ထားတဲ့ ဟာသရုပ်ရှင်ကားကို မပြဖို့ ဖျက်သိမ်းလိုက်ရတဲ့ ဆိုနီရုပ်ရှင်ရဲ့ စိုးရိမ်မှုကိုတော့ သူစာနာမိတယ်လို့ Mr. Obama က ဆက်ပြောခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ Obama က ဆက်ပြီး တခြားတနေရာတခုခုက အာဏာရှင် တယောက်ကနေ ဒီနိုင်ငံမှာ ဆင်ဆာလာလုပ်တာကို ခွင့်ပြုတဲ့ လူ့အသိုင်းအဝိုင်းမျိုး အဖြစ်တော့ လက်မခံနိုင်ဖူးလို့ ပြောခဲ့ပါတယ်။ Mr. Obama က ပဲ မြောက်ကိုရီးယားအနေနဲ့ အခြားနိုင်ငံတခုနဲ့တွဲပြီး ဆိုင်ဘာတိုက်ခိုက်မှုလုပ်ဖို့ရှိတဲ့ အထောက်အထားတွေ မရှိထားဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့တော့ ဒီ အင်တာနက် ဆိုက်ဘာ ဖောက်ခွင်းတိုက်ခိုက်မှုကို စိတ်ကြိုက်အချိန်မှာ စိတ်ကြိုက်ပုံစံနဲ့ တုံ့ပြန်သွားမယ်လို့ သမ္မတ Obama က ထုတ်ပြောခဲ့ပါတယ်။

XS
SM
MD
LG