သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းအကြမ်းဖက်မှု အစိုးရထုတ်ပြန်ချက် ဒေသခံတွေပယ်ချ


ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ
ဘော်ဒိုဇာကားရှေ့မှာ မှောက်အိပ်ပြီး တောင်းပန်နေတဲ့ ဒေသခံတောင်သူများ

နှစ်ဘက်တင်းမာမှုတွေဖြစ်ပြီး ပစ်ခတ်မှုတွေကြောင့် လူ ၁ ဦးသေဆုံး၊ ဒါဇင်နဲ့ချီ ဒဏ်ရာတွေရခဲ့တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်မှုနဲ့ပတ်သက်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ရာမှာ ခြံစည်းရိုးတိုးချဲ့ကာရံရေး ဆောင်ရွက်မှု တားဆီးနှောင့်ယှက်ခံရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အလုပ်သမားတွေကို တားဆီးပိတ်ဆို့ထားတဲ့အတွက် အဓိကရုဏ်းနှိမ်နင်းရေး သေနတ်သုံးရကြောင်း ပြောဆိုမှုကို လက်ပန်းတောင်းဒေသခံတွေက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံတွေနဲ့ မြန်မာအာဏာပိုင်တွေကြား ပဋိပက္ခတွေဖြစ်အပြီး မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ရာမှာ ကြေးနီစီမံကိန်းကို တိုးချဲ့ကာရံရေးမှာ တားဆီးနှောင့်ယှက်ခံရတယ်လို့ သတင်းထုတ်ပြန်ခဲ့တာပါ။ ဒီထဲမှာ ဒေသခံတွေက ရဲတွေကို တိုက်ခိုက်ပြီး အလုပ်သမားတွေကို တားဆီးပိတ်ဆို့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြစ်တဲ့ ၁၂ ဗို့ ပြောင်းချောသေနတ်သုံးကြောင်း ရေးသားထားပါတယ်။ ဒီထဲမှာ လူတဦးသေဆုံးပြီး ရွာသားတချို့နဲ့ ရဲတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။ လက်ပန်းတောင်းတောင် စန်းမြဝတီကျောင်းတိုက်က ဆရာတော် ဦးအာလော ကတော့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ကို ပယ်ချခဲ့ပါတယ်။

“မရှိပါဘူးဗျာ။ ထိန်းသိမ်းတယ်ဆိုလို့ရှိရင် သူတို့ဝန်ထမ်းတွေက လက်နက်တွေနဲ့လေ။ တချို့ဆိုရင် ဂွရှင်ကြီးတွေပါတယ်။ တချို့ဆိုရင် ခလုတ်ဓားတွေတောင်ပါတယ် တရုတ်တွေဆိုရင်။ တူတွေလည်းပါတယ်ဗျာ။ ရဲဆိုရင်တော့ ပြောမနေနဲ့။ ဒိုင်းတွေပါတယ်၊ သေနတ်တွေလည်းပါတယ်။ ဘယ်လိုလုပ်ရွာသားတွေက ထိန်းသိမ်းဖို့ဆိုတာ စဉ်းစားကြည့်စမ်းပါ။ မဖြစ်နိုင်တဲ့အရာပဲဖြစ်ပါတယ်။ သူတို့ဘက်ကတော့ သတင်းအရ ကာတဲ့သဘောပေါ့ဗျာ။”

အလားတူးပဲ မြန်မာဝမ်ပေါင်ကုမ္ပဏီက သတင်းထုတ်ပြန်ရာမှာ နိုင်ငံရေးသွေးထိုးလှုံ့ဆော်သူတွေနဲ့ ဒေသခံတွေက ဝမ်ပေါင်ကုမ္ပဏီနဲ့ ရဲဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့တာလို့ အင်္ဂါနေ့ညနေက သတင်းထုတ်ပြန်ချက်ခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ရွှေညဝါဆရာတော်နဲ့အတူ မန္တလေးက သံဃာတော်တွေ ပရဟိတလုပ်နေတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသူကျောင်းသားတွေ လက်ပန်းတောင်းတောင် ဆည်တဲရွာ မိုးကြိုးပြင်ရွာ၊ တုံရွာတွေကို သွားရောက်ပြီး ဒေသခံတွေနဲ့ အားပေးပြီး ဆေးကုသမှုတွေ လုပ်ပေးခဲ့တာပါ။ သေဆုံးသူ တောင်သူ ဒေါ်ခင်ဝင်းနဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ သေမှုသေခင်း အမှုဖွင့်ခဲ့ပါတယ်။ အမှုကို ရဲစခန်းက လက်ခံပြီးတဲ့နောက် အလောင်းကို ခွဲစိတ်စစ်ဆေးဖို့အတွက် ညပိုင်းမှာ ဆားလင်းကြီး ဆေးရုံကို ယူဆောင်လာကြောင်း ၈၈ မျိုးဆက် ကျောင်းသူ မနန်းစောက ပြောပါတယ်။

“တရားစွဲတာ၊ သက်ဆိုင်ရာကတော့ အမှုဖွင့်ပြီးတော့မှ အလောင်းသယ်တာရှင့်။ အလောင်းကို ဆားလင်းကြီးဆေးရုံမှာ ရင်ခွဲရုံမှာ ပို့လိုက်ပြီရှင့်။ သူတို့မိသားစုတွေနဲ့ မန္တလေးက သံဃာတွေပါတယ်ရှင့်။ ခွဲမယ့်စိပ်မယ့်အချိန် သူတို့စစ်ဆေးမယ့် အချိန် ဘာညာ ဆေးရုံမှာပဲ စကားတွေက ပြောနေရတော့လေ တောက်လျှောက်။”

ည ၁၀ နာရီကျော်အချိန်ထိ လက်ပန်းတောင်းတောင် ဆည်တဲရွာဘက်မှာတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီကလည်း စီမံကိန်းအတွက် ခြံစည်းရိုးတွေ ဆက်တိုက်ခတ်နေသလို ရွာသားတွေလည်း စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပဲ၊ နှမ်း၊ ဆန်နဲ့ စားစရာတွေ ပြောင်းရွှေ့နေရတယ်လို့ ဆရာတော် ဦးအာလောက က ဆက်မိန့်ပါတယ်။

“အခုဆိုရင် တဂုံးဂုံး တဂွမ်ဂွမ်နဲ့ အခုချိန်ထိတောင်မှ ဘာလုပ်မှန်းမသိဘူး။ လာပြီးတော့ စက်ယန္တရားကြီးတွေ ကျောင်းရဲ့မြောက်ဘက်မှာ အသံကြားနေရတယ်။ နောက်တခုက ဒီရွာတွေမှာ အခုအချိန်မှာ တော်တော် စိုးရိမ်ကြောင့်ကြမှုတွေက ဖြစ်နေတာ။ ဘာဖြစ်တာလဲဆိုတော့ သူတို့က မီးတွေရှို့မယ် ဘာညာနဲ့ အသံက အဲ့လိုထိတောင် ကြားနေတဲ့အတွက် အခုရွာတွေမှာဆိုရင် ရွာထဲရှိတဲ့ တောင်သူလေးတွေ သိမ်းထားတဲ့ နှမ်းတွေပေါ့လေ။ တချို့က နှမ်းတွေရောင်းပြီး ကိုယ်ဝယ်ထားတဲ့ဟာလေးတွေ တခြားရွာတွေကို အခုအချိန်ထိ လှည်းတွေနဲ့ ပို့နေကြတာ။ ပြောရမယ်ဆိုရင်တော့ စိုးရိမ်စိတ်တထိတ်ထိတ်နဲ့ပေ့ါဗျာ နေလို့သာနေနေရတာ။ ကျီးလန့်စာစား သဘောမျိုးနဲ့ နေကြရတာ။”

လက်ပန်းတောင်းတောင်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့ ၂ ရက်ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အကြမ်းဖက် ဖြေရှင်းမှုကို မလိုလားတာကြောင့်ဆိုပြီး ဗကသများအဖွဲ့ချုပ်ကလည်း ၃ ရက်ဆက်တိုက် ဆန္ဒပြမယ်လို့ ကြေညာထားပါတယ်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာ အင်္ကျီအမဲများဝတ်ဆင်ပြီး ဖယောင်းတိုင်မီးထွန်း ဆန္ဒပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်သံရုံးရှေ့မှာလည်း တက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မြန်မာအစိုးရရဲ့လမ်းညွန်ချက်နဲ့ သဘောတူခွင့်ပြုချက်အရ ကြေးနီစီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဒီစီမံကိန်းကို ဒေသခံအများစုက လက်ခံတယ်ဆိုပြီး သူတို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထာတာပါ။ ရာနဲ့ချီရှိတဲ့ ဒေသခံတွေ မကြာခနဆိုသလို ကန့်ကွက် ဆန္ဒပြတာကတော့ ၃ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။

XS
SM
MD
LG