သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Air Asia လေယာဉ် ပျောက်ဆုံး


ဂျာဗားပင်လယ်မှာ ဒီကနေ့ ပျောက်သွားတဲ့ ခရီးသည်နဲ့ ဝန်ထမ်း ၁၆၂ ဦးပါ AirAsia ခရီးသည်တင် လေယာဉ်ကို လိုက်လံ ရှာဖွေနေကြတဲ့ ရဟတ်ယာဉ်တွေဟာ ရှာဖွေမှုတွေကို ဒီညပိုင်း ခဏ နားထားပြီး တနင်္လာနေ့ မနက် အလင်းရောင်ပေါ်ချိန်ကျမှ ရှာဖွေမှုတွေ ပြန်လည် စတင်နိုင်ဖို့ ရှိနေပါတယ်။

ဈေးနှုန်း သက်သက်သာသာနဲ့ စီးလို့ရတဲ့ Air Asia လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်ကာပူနိုင်ငံကို ထွက်ခွာနေချိန်၊ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက် ၇ နာရီ ၂၄ မိနစ်မှာ ပျောက်သွားခဲ့တာပါ။ လေယာဉ်စထွက်ပြီး ၄၂ မိနစ်အကြာ ခရီးစဉ်တဝက်နီးပါးလောက် ရောက်ချိန်မှာ အဆက်အသွယ် ပျက်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ရှာဖွေရေး သင်္ဘောတွေကတော့ ညဘက်မှာလည်း အားကောင်းတဲ့ မီးတွေနဲ့ထွန်းပြီး ပင်လယ်ပြင်မှာ ရှာဖွေမှုတွေ ဆက်လုပ် သွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံက ပြောပါတယ်။ ရှာဖွေရေး လေယာဉ်တွေကတော့ မနက် မိုးလင်းမှ လုပ်ငန်းတွေ ပြန်စကြမှာဖြစ်ပါတယ်။

လေယာဉ် အဆက်အသွယ် ပျက်မသွားခင်မှာ လေယာဉ်မှူးက ရာသီဥတု ဆိုးရွားနေတာကို ရှောင်ရှားနိုင်ဖို့ လေယာဉ်ကို ပေ ၅,၉၀၀ အမြင့်တက် ပျံသန်းခွင့်ပြုဖို့ Jakarta မြို့မှာရှိတဲ့ လေကြောင်း ထိန်းချုပ်ရေး ဌာနကို တောင်းခံခဲ့တယ်လို့ အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

အခုလေယာဉ်မှာ အင်ဒိုနီးရှား နိုင်ငံသား ၁၅၇ ယောက်၊ တောင်ကိုရီးယား သုံးယောက်နဲ့ စင်ကာပူ၊ မလေးရှားနဲ့ ပြင်သစ်နိုင်ငံတွေက နိုင်ငံသားတဦးစီ ပါဝင်ပါတယ်။

အခုလေယာဉ်ဟာ မလေးရှားနိုင်ငံ အခြေစိုက် AirAsia ကုမ္ပဏီ ဌာနတခုဖြစ်တဲ့ AirAsia Indonesia ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ ခရီးသည်တင် လေယာဉ်ပဲ ဖြစ်ပါတယ်။

XS
SM
MD
LG