သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အိန္ဒိယရောက်ရှိ


အာရှ-ပစိဖိတ်ဒေသအတွက် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ အမြင်သစ်တွေနဲ့ ရှုမြင်ပုံကို သဘောတူလက်ခံတယ်လို့ အမေရိကန်သမ္မတ Barack
Obama ကပြောကြားလိုက်ပါတယ်။ အိန္ဒိယ နဲ့ အမေရိကန်ကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဖို့အတွက် လည်း ဝန်ကြီးချုပ် Modi နဲ့ သဘောတူခဲ့တယ်လို့ သမ္မတအိုဘားမားနဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ New Delhi မြို့တော်မှာတွေ့ဆုံအပြီး ပူးတွဲပြုလုပ်တဲ့
သတင်းစာရှင်းလင်းပွဲမှာ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

Nuclear အရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲရေးကိစ္စတွေကို ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်နဲ့ အိန္ဒိယ ဆက်ဆံရေးဟာ နောက်ထပ်အဆင့်သစ်တခုမှာ ရောက်နေပြီလို့ အိန္ဒိယဝန်ကြီးချုပ်ကဆိုပါတယ်။ အကြမ်းဖက်မှုဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ အဓိကအန္တရာယ်ကြီးဖြစ်နေတဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် အလုံးစုံပါဝင်တဲ့ ကမ္ဘာ့မဟာဗြူဟာတခုလိုအပ်တယ်လို့ ဝန်ကြီးချုပ် Modi က ပြောကြားခဲ့ပါတယ်။

ဒေလီလေဆိပ်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာရောက်လာတဲ့ သမ္မတအိုဘားမားကို ဒီခရီးစဉ် ဘယ်လောက် အရေးကြီးသလဲ ဆိုတာ ပြသတဲ့အနေနဲ့
အိန္ဒိယဝန်ကြီးချုပ် Narendra Modi က သံခင်းတမန်ခင်း ထုံးစံကို ဖျက်ပြီး ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကို
တရားဝင်ကြိုဆိုတဲ့အခမ်းအနားကိုတော့ သမ္မတ Pranab Mukherjee ရဲ့ သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တာမှာ သေနတ် ၂၁ ချက် ပစ်ဖေါက် ဂုဏ်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာ သမ္မတအိုဘားမားဟာ အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ ဂူဗိဗာန်မှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။

အခုညပိုင်းမှာတော့ နိုင်ငံတော် ညစာစားပွဲကို သမ္မတ အိုဘားမားတက်ရောက်နေပါတယ်။

၃ ရက်ကြာ ခရီးစဉ်အတွင်း နက်ဖြန်မှာ အိန္ဒိယသမ္မတနိုင်ငံနေ့နှစ်ပတ်လည်အခမ်းအနားကို သမ္မတအိုဘားမား တက်ရောက်မှာဖြစ်တဲ့အတွက် သူဟာ အိန္ဒိယသမ္မတနိုင်ငံနေ့ကို တက်ရောက်တဲ့ ပထမဆုံး အမေရိကန်သမ္မတဖြစ်ပါလိမ့်မယ်။ တနင်္လာနေ့မှာပဲ အမေရိကန်နဲ့အိန္ဒိယ စီးပွားရေး ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကို တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အင်္ဂါနေ့မှာ အမေရိကန်နဲ့အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနဲ့ဆိုင်တဲ့ မိန့်ခွန်းတခုကို မနက်ပိုင်းမှာ ပြောပြီးရင် အိန္ဒိယနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။ အရင်က Taj Mahal အဆောက်အဦးဆီကို သမ္မတအိုဘားမားသွားဖို့ အစီအစဉ်ရှိပေမဲ့ Saudi Arabia ဘုရင် Abdullah ကွယ်လွန်သွားတဲ့ အတွက် အိန္ဒိယ ခရီးစဉ်ကို တိုပြီး Saudi Arabia နိုင်ငံကို သွားမှာဖြစ်ပါတယ်။

XS
SM
MD
LG