သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမားနဲ့ ဓားစာခံလဲဖို့ ဂျော်ဒန်အသင့်


အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS က ဖမ်းဆီးထားတဲ့ ဂျော်ဒန်လေယာဉ်မှူးကို အကြမ်းဖက်သမားအဖြစ် ဖမ်းဆီးထားသူတဦးနဲ့ အလဲအလှယ်လုပ် ပြန်လွှတ်ပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဂျော်ဒန်ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂျော်ဒန် ပြန်ကြားရေးဝန်ကြီး Mohammad al-Momani က နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောဆိုခဲ့တာပါ။

ဂျော်ဒန်လေတပ်က ဒုဗိုလ် Mu'ath al-Kaseasbeh ကို ဘေးမသီ ရန်မခ ပြန်လွှတ်ပေးရင်၊ Amman မြို့တော်မှာ ၂၀၀၅ ခုနှစ်တုန်းက လူ ၆၀ သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူအဖြစ် ထောင်ဒဏ်ကျ ခံနေရတဲ့ အီရတ်နိုင်ငံသူ Sajida al-Rishawi ကိုလည်း ပြန်လွှတ်ပေးမယ်လို့ ပြော ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ နောက်ထပ် ဓားစာခံတဦးဖြစ်သူ ဂျပန်သတင်းထောက် Kenji Goto နဲ့ ပတ်သက်လို့တော့ တစုံတရာ ပြောဆိုခဲ့တာ မရှိပါဘူး။ ဂျပန်နိုင်ငံကတော့ သတင်းထောက် ပြန်လည် လွတ်မြောက်ရေး အကူအညီပေးဖို့ ဂျော်ဒန်ကို မေတ္တာရပ်ခံထားတာပါ။

ဂျပန်သတင်းထောက်ရဲ့ မိခင်ဖြစ်သူကတော့ ဒီကနေ့မှာပဲ သူ့သားကို ပြန်လွှတ်ပေးဖို့၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe အနေနဲ့ သားဖြစ်သူ လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားပေးဖို့လည်း တောင်းပန်ခဲ့ပါတယ်။

စနေနေ့မှာတုန်းကတော့ ဖမ်းဆီးခံထားရပြီး ခေါင်းဖြတ်အသတ်ခံခဲ့ရပုံရတဲ့ ဂျပန်ဓားစာခံ နောက်တဦးဖြစ်တဲ့ Haruna Yukawa ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားတဲ့ ဂျပန်သတင်းထောက်ရဲ့ ဗွီဒီယိုတခုကို IS စစ်သွေးကြွတွေက ပြသခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ ဂျပန်ဓားစာခံ Yukawa သေဆုံးရတဲ့ ကိစ္စမှာ ဂျပန်ဝန်ကြီးချုပ် တိုက်ရိုက် တာဝန်ရှိတယ်လို့လည်း စစ်သွေးကြွတွေက စွပ်စွဲခဲ့ပါတယ်။

XS
SM
MD
LG