သုံးရလွယ်ကူစေသည့် Link များ

ဖေဖော်ဝါရီ ၁၂ ရက် ပြည်လုံးကျွတ် အပစ်ရပ်ဖို့ မဖြစ်နိုင်သေး


UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ
UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား လက်ရှိဆွေးနွေးနေကြတဲ့ အချက်အလက်တွေ မပြေလည်သေးသရွေ့ အစိုးရဘက်က မျှော်လင့်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်မှာ မဟုတ်ဘူးလို့ UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ FCCT နိုင်ငံခြားသတင်းထောက်များအသင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအခြေအနေတွေကို UNFC က သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့တာနဲ့ပတ်သက်လို့ ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ နိုင်ဟံသာက အခုလို စပြောပါတယ်။

နိုင်ဟံသာ။ ။ အဓိကအကြောင်းရင်းကတော့ ကျနော်တို့နဲ့အစိုးရဘက်က သမ္မတကြီးရော၊ ဦးအောင်မင်းတို့ရော လာမယ့် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အဲဒီပုံစံမျိုး ပြောနေတာလေ။ မထိုးဘူးဆိုရင် ကျနော်တို့ အပေါ်မှာ တမျိုးမြင်မယ်။ အမှန်ကတော့ ထိုးနိုင်ဖို့ဆိုတာကလည်း ဘာမှ နားလည်မှုမရနိုင်သေးဘူး။ ကျနော်တို့မြင်တာကတော့ သမ္မတကြီးရော၊ ဦးအောင်မင်းတို့ရော ပေါ့နော်၊ တကယ်လို့ ထိုးစေချင်ရင် ပြဿနာကို ဘယ်နည်းနဲ့ဖြေရှင်းမလဲ၊ အဲဒါ အရင်ရှာဖို့လိုမယ်။ အခုဟာကတော့ အဲဒါကို မရှာဘဲနဲ့ လက်မှတ်ထိုးဖို့ချည့်ပဲ ပြောနေတယ်ဆိုရင် ကျနော်တို့က ဒါကို ငြင်းပြန်ရင်လည်း ကျနော်တို့က ငြိမ်းချမ်းရေးမလိုလားဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးပေါ့ဗျာ။ တံဆိပ်တပ်ခံရမယ်။ အဲဒါမျိုးလည်း… နောက် ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ တကယ့်အနေအထားမှန်ကိုလည်း ပြင်ပကမီဒီယာတွေ နားလည်ဖို့ အဲဒီအတွက် ရည်ရွယ်တာပါ။

ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့။ …ဆိုတော့ ဆွေးနွေးတာတွေကလည်း အားလုံးသိကြတဲ့အတိုင်းပဲ၊ အချိန်တွေလည်း တော်တော်ကြာပြီ။ အကြိမ်ရေလည်း တော်တော်များလာပြီ၊ ဒါပေမယ့် အခုထက်ထိ မဖြစ်နိုင်သေးတာက ဘာတွေကများ တင်းခံနေလို့လဲ၊ ဒီမေးခွန်းလည်း ကျနော်တို့ အကြိမ်ကြိမ် မေးဖူးပါတယ်။ ဒါပေမယ့် ဘာများ ထပ်ကျန်နေသေးသလဲ။ ဆရာနိုင်ဟံသာ။

နိုင်ဟံသာ။ ။ အေးလေ၊ အရင်ကျန်နေတဲ့ဟာတွေကတော့ အခုလည်း ဆက်ကျန်နေတာပဲပေါ့။ အဲဒါတွေမှ ညှိလို့ မကျော်ဖြတ်နိုင်ပဲဟာ။

ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ ဘယ်နှစ်ချက်လောက် ရှိသလဲ၊ ဘာတွေများဖြစ်မလဲဗျ။

နိုင်ဟံသာ။ ။ အဓိကအားဖြင့်တော့ တပ်ပိုင်းဆိုင်ရာမှာ အမြင်မတူဘူးဗျ။ ကျနော်တို့ဘက်က တင်တာကတော့ အနာဂတ်မှာ ပြည်ထောင်စု တပ်မတော်အသွင်ဖြစ်အောင် ပြုပြင်ဖို့၊ ဒါကို တပ်မတော်ဘက်က မလိုလားဘူး။ နောက် သူတို့ဘက်က ပြောနေတာကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုပြီးတော့မှ နိုင်ငံရေးမဆွေးနွေးခင်မှာ ကျနော်တို့ကို ပူးပေါင်းလိုက်ချင်တဲ့သဘောမျိုးပေါ့ဗျာ။ အဲဒါတွေကလည်း လုပ်နေတယ်ဗျ။ ဒါတွေက ညှိလို့မရဘူး။ နောက် အပစ်ရပ်ပြီးရင် ကျနော်တို့ကတော့ လူသစ်မစုဆောင်းရ၊ အင်အားမတိုးချဲ့ရ- ဒါတွေကလည်း တဘက်သတ် ကန့်သတ်ထားတယ်ဗျ။ နောက် နိုင်ငံရေး ဆွေးနွေးဖို့ ဆိုတဲ့နေရာမှာလည်း သူတို့ကတော့ ငါးပွင့်ဆိုင်ပုံစံနဲ့ လုပ်ချင်နေတယ်၊ ကျနော်တို့ကတော့ သုံးပွင့်ဆိုင်တင်ထားတယ်၊ အဲဒါမှာလည်း အမြင်တွေ မညီသေးဘူးဗျ။

ဇော်ဝင်းလှိုင်။ ။ ဆရာနိုင်ဟံသာရေ-ဆရာနိုင်ဟံသာတို့ဘက်က တင်တဲ့ သုံးပွင့်ဆိုင်က ဘယ်သူတွေလဲခင်ဗျ။

နိုင်ဟံသာ။ ။ သုံးပွင့်ဆိုင်ဆိုတာကတော့ အစိုးရရယ်၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ်၊ နောက် နိုင်ငံရေးပါတီတွေပေါ့ဗျာ။

ဇော်ဝင်းလှိုင်။ ။ အစိုးရဘက်က တင်သွင်းတဲ့ ငါးပွင့်ဆိုင်ဆိုတာကရောဗျ။

နိုင်ဟံသာ။ ။ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ နောက် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ အစုနဲ့ခွဲလိုက်ရင် တစုနဲ့တစုက တဘက်က အရေအတွက်လည်းတူရမယ်၊ အာဏာချင်းလည်းတူရမယ်၊ အဆင့်အတန်းလည်းတူရမယ်၊ အဲဒီပုံစံမျိုးဗျ။

ဇော်ဝင်းလှိုင်။ ။ တဖွဲ့တယောက်ဆိုတဲ့ပုံစံမျိုးတော့ ကိုယ်စားပြုဖို့တော့ မဟုတ်ပါဘူး၊

နိုင်ဟံသာ။ ။ မဟုတ်ဘူး၊ တဖွဲ့တယောက်တော့မဟုတ်ဘူး။ တဖွဲ့ကတော့ ဥပမာ- အုပ်စုတခုမှာ ဆယ်ယောက်ဆိုရင်လည်း ကျန်တဲ့အုပ်စုတွေအားလုံးကလည်း ဆယ်ဦးစီပေါ့ဗျာ။

ဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့၊ အဓိကကတော့ နှစ်ချက်၊ သုံးချက်ပေါ့ဗျာ၊ စောစောက ထောက်ပြသွားတာ။ အဲဒီဟာတွေ ပြေလည်မှသာလျှင် လက်မှတ်ထိုးဖို့ ဖြစ်နိုင်မယ်ဆိုတာမျိုး ဆရာတို့ဘက်က တင်ပြထားတာပေါ့။

နိုင်ဟံသာ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။

ဇော်ဝင်းလှိုင်။ ။ ဒါပေမယ့် ဆရာပြောနေတာက အစိုးရဘက်က ဒီဟာတွေမပြေလည်သေးရင်လည်း လက်မှတ်အရင်ထိုးကြရအောင်၊ နောက်မှ ကျန်တာကို ဆက်ဆွေးနွေးမယ်ဆိုတဲ့ပုံစံမျိုးလား။

နိုင်ဟံသာ။ ။ သူတို့ပုံစံကလည်း ဖြေရှင်းဖို့ အရင်မကြိုးစားဘဲနဲ့ လက်မှတ်ထိုးဖို့ချည့်ပဲ ပြောနေတယ်။ အခြေအနေကတော့ တကယ့်ပုံစံပေါ့လေ၊ ရပ်တည်ချက်တွေက မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာနဲ့ အဖြေရှာဖို့လိုတယ်။ တဘက်က အပေါ်စီးယူထားပြီးတော့ တဘက်ကို နှိမ်ထားတဲ့သဘောမျိုးနဲ့ဆိုရင်တော့ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ မရဘူးလို့ ကျနော် အဲလိုမြင်တယ်။ ဒါကြောင့် လူထုအနေနဲ့ပေါ့ဗျာ- တကယ့် တစ်ဆို့နေတဲ့အချက်ကဘာလဲ၊ ဒါကို နည်းနည်း လေ့လာပြီးတော့မှ ဘယ်ဘက်ကမှားတယ်၊ ဘယ်ဘက်ကမှန်တယ်ဆိုတာကို နည်းနည်းသုံးသပ်ပြီးတော့မှ ဝေဖန်ကြဖို့ပေါ့လေ။ ကျနော်ကတော့ အဲလို ထောက်ပြချင်တယ်ဗျ။

ဇော်ဝင်းလှိုင်။ ။ ဆရာနိုင်ဟံသာ၊ ကျေးဇူးအများကြီးတင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ မကြာခင်မှာ ဆွေးနွေးဖို့ ရှိပေမယ့် ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူးလို့ သိရပါတယ်။

XS
SM
MD
LG