သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်အခြေစိုက်စခန်းကို မြန်မာတပ်ထိုးစစ်ဆင်


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့ အနောက်မြောက်ဘက် ကိုးကန့် လက်နက်ကိုင်တပ်တို့ ခြေကုပ်ယူထားတဲ့ ဒေသကို ဒီကနေ့မှာလည်း မြန်မာအစိုးရတပ်ဘက်က နေ့တဝက်လောက် ထိုးစစ်ဆင်ခဲ့ပါတယ်။ ဒေသကိုတော့ မသိမ်းပိုက်နိုင်ဘဲ နေ့ခင်းပိုင်းမှာ ထိုးစစ်ရပ်သွားတယ်လို့ ကိုးကန့်ဘက်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ စစ်ရှောင်နေတဲ့ ဒုက္ခသည်တချို့ ပြန်လာနေကြတယ်လို့ မြန်မာ့တပ်မတော်ဘက်က ပြောပါတယ်။ အခြေအနေ အသေးစိတ်ကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

တိုက်ပွဲတွေဖြစ်နေတာ သီတင်း ၂ ပတ် ကျော်လာခဲ့ပြီဖြစ်တဲ့ ကိုးကန့်ဒေသဘက်မှာ ဒီကနေ့ အင်္ဂါနေ့မှာလည်း လောက်ကိုင်မြို့နဲ့ ကုန်းကြမ်းမြို့ကြား ဖုန်းချွေးရှန်း ဒေသကို မြန်မာအစိုးရ တပ်ဘက်က မနက်ပိုင်းကစပြီး လက်နက်ကြီးနဲ့ ပစ်ပြီး နှစ်ကြိမ်တိုင်တိုင် ကျားထိုးခဲ့တယ်လို့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မနက်က ၆ နာရီခွဲလောက်ကနေ စတယ်ဗျ။ လက်နက်ကြီးနဲ့ပစ်တယ်။ ကြည်းတပ်က ထိုးတယ်။ ပြီးတော့ ပြန်ဆုတ်တယ်။ လက်နက်ကြီးနဲ့ ပစ်ထုတယ်။ ကြည်းတပ်က ပြန်ထိုးတယ်။ အဲ့လိုမျိုးလုပ်နေတာ ၁၁ နာရီလောက်ထိ ရောက်သွားတယ်ဗျ။ ကျနော်တို့ဘက်ကတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူးဗျ။ ဟိုတလောတုန်းက ဖုန်းချွေးရှန်းမှာပဲ။ ဖုန်းချွေးရှန်းမှာပဲ အဲ့ဒီဒေသမှာပါပဲခင်ဗျ။”

၅ နာရီကြာ တိုက်ပွဲအတွင်း ကိုးကန့်လက်နက်ကိုင် တပ်ဘက်က အထိအခိုက် အကျအဆုံး မရှိတဲ့အကြောင်းလည်း သူက ပြောပါတယ်။ မနေ့ တနလာၤနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာတော့ မြန်မာ အစိုးရဘက်က ၃ ဦးကျဆုံး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မနေ့က လောက်ကိုင်မြို့ စီအော အကျဉ်းထောင်က အကျဉ်းသားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတချို့ကို မြန်မာအစိုးရတပ်က လားရှိုးမြို့ကို ပို့ဆောင်တဲ့ ယာဉ်တန်းကို တိုက်ခိုက်ခံရတာကြောင့် ယာဉ်တန်းမှာ ပါလာသူ ၄၆ ဦးတို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပါတယ်။

အခုတိုက်ခိုက်ခံရတယ်ဆိုတဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက လောင်ထန်းဒေသဟာဆိုရင် မကြာခဏ တိုက်ခိုက်ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေဟာ ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်တို့ တိုက်ခိုက်တာ ဖြစ်တယ်လို့ မြန်မာအစိုးရတပ်ဘက်က ပြောဆိုနေပေမဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ ဒီဒေသတွေဟာ မြန်မာအစိုးရဘက်က လုံခြုံရေးအရ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်တာမို့ အနားတောင် မကပ်နိုင်ဘူးဆိုပြီး အစဉ်တစိုက် ငြင်းဆိုနေတာ ဖြစ်ပါတယ်။ မနေ့က အစိုးရတပ် ယာဉ်တန်း တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကိုးကန့်လက်နက်ကိုင်တွေရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။

“လောက်ကိုင်ကနေ အစီး ၄၀ ဟုတ်ပါတယ်။ လောက်ကိုင်ကနေ ချင်းရွှေဟော်ကိုပေါ့ သူတို့ပြောတာတော့ သူတို့ကားလာတဲ့ပုံစံက ရှေ့က ပွိုင့်ကား ၂ စီးနဲ့ဗျ။ ပွိုင့်ကား ၂ စီးထဲက ၁ စီးပေါ်မှာ ပွိုင့် 5 လေယာဉ်ပစ်တဲ့ စက်သေနတ်အကြီး တလက်စီပါတယ်။ အဲ့ဒါကို သူတို့က တလမ်းလုံး ဒီအတိုင်းပဲ ပစ်ခတ်ပြီးတော့ ဆင်းလာပါတယ်ခင်ဗျ။ အရပ်သားတွေတောင်မှ ထိတယ်လို့ ပြောတယ်ခင်ဗျ။ တောင်နှစ်ဘက် တဘက် တချက်ပေါ့ သူတို့က လျှောက်ပစ်ပြီးတော့ ဆင်းတာ။ ပြီးတော့ အဲ့ဒီတချိန်တည်းမှာပဲ သူတို့က ကျနော်တို့ကို ထိုးစစ်ဆင်နေပါတယ်။ ကျနော်တို့က လူ အဲ့ဒီလောက် မများပါဘူး။ သူတို့က ထိုးစစ်ဆင်နေတာ။ ကျနော်တို့က ဘယ်လိုလုပ်ပြီး အဲ့ဒီလမ်းကို သွားတိုက်ရမှာလဲဗျ။”

စစ်အုပ်ချုပ်ရေး ကျင့်သုံးနေတဲ့ လောက်ကိုင်မြို့မှာတော့ တည်ငြိမ်စပြုလာပြီဖြစ်ပြီး စစ်ရှောင်သွားသူတွေ ရာနဲ့ချီပြီး ပြန်လာနေပြီ ဖြစ်တယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက ဗွီအိုအေကို ဒီကနေ့မှာပဲ တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစလို့ အခုချိန်အထိ လူပေါင်း ၁ ထောင်ကျော်တို့ လောက်ကိုင်မြို့ကို ပြန်လာခဲ့ကြပြီလို့ ဖော်ပြပါတယ်။ သောင်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

မြန်မာအစိုးရတပ်တွေနဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA တို့ကြား တိုက်ပွဲတွေကတော့ သီတင်း ၂ ပတ်ကြာမြင့်လာပြီ ဖြစ်ပေမဲ့ အခုချိန်ထိတော့ တိုက်ပွဲတွေ ရပ်တန့်နိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။

မြန်မာအစိုးရဘက်က အခုတိုက်ပွဲတွေဟာ နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါးလာတာ ဖြစ်တယ်လို့ ပြောဆိုနေပြီး အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တခုဖြစ်တဲ့ MNDAA ကိုးကန့်လက်နက်ကိုင် တပ်ဘက်ကတော့ နိုင်ငံရေးအရ တရားဝင် ရပ်တည်ချက် တခုအတွက် ရွေးချယ်စရာ မရှိတော့လို့ တိုက်ရတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG