သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်မကျောင်းသားသပိတ် အကြမ်းဖက်နှိမ်နင်းခံရ


ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ပိတ်မိနေတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက လုံခြုံရေးတပ်တွေသုံးပြီး အကြမ်းဖက် ဖြိုခွဲလိုက်ပါတယ်။ အဲ့ဒီမြို့မှာရောက်နေတဲ့ တောက်လျှောက် သတင်းပို့နေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူကို အယ်ဒီတာ ကိုသားညွန့်ဦးက ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုစည်သူ။ ။ ကနဦး ဆွေးနွေးချက်အရတော့ ရန်ကုန်ကို သူတို့ ချီတက်ဖို့အတွက် ရန်ကုန်ကိုသွားဖို့ ခွင့်ပြုတယ်ဆိုတဲ့ ခွင့်ပြုချက်ပေးပါတယ်။ ကျောင်းသားတွေက သူတို့ရဲ့ လိုလားချက်က ကားတွေပေါ်မှာ အလံထောင်ပြီးတော့ ရန်ကုန်မြို့ကို သွားချင်တယ်။ တာဝန်ရှိသူတွေဘက်ကတော့ အဲ့ဒီအချက်ကို လက်မခံဘူး။ ၁၁ နာရီ ၄၅ မှာ ဆက်ပြီး ပိတ်ထားဆဲဖြစ်ထားကြောင့် သူတို့ ၄ ယောက် ၁ အုပ်စုနဲ့ တိုးကြပါတယ်။ တိုးရင်းတိုးရင်းနဲ့ တဘက်နဲ့တဘက် ဒေါသထွက်လာပြီးတော့ ရဲတွေကလည်း ဒေါသထွက်လာပြီးတော့ ကျောင်းသားတွေကလည်း ဒေါသထွက်လာပြီးတော့ အပြန်အလှန် ရေသန့်ဗူးလို အရာဝတ္ထုမျိုးတွေနဲ့ ပစ်ပေါက်ရာကနေပြီးတော့ ရဲတွေက ဝင်ပြီးတော့ သူတို့ရဲ့ နံပတ်ဒုတ်တွေနဲ့ ရိုက်တဲ့ အဓိကရုဏ်းပါပဲခင်ဗျ။

ကိုသားညွန့်ဦး။ ။ ကိုစည်သူက အဲ့ဒီမှာ ဖြစ်နေချိန်မှာ ရှိတဲ့အခါကျတော့ အကြမ်းဖက် နှိမ်နင်းတဲ့အခါမှာ သူတို့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းရော ဘယ်လိုမျိုး မြင်ရလဲခင်ဗျ။

ကိုစည်သူ။ ။ ပထမဆုံးကတော့ သူတို့က ရဲတပ်ဖွဲ့ရဲ့ အင်အားနဲ့ ပိတ်ဆို့ထားတဲ့ သဘောပါပဲခင်ဗျ။ အဲ့ဒီနောက်မှာတော့ သူတို့က တယောက်နဲ့တယောက် ဒေါသဖြစ်လာရာကနေပြီး ရဲတစ်ယောက်၊ နှစ်ယောက်လောက်ကနေ ထွက်လာပြီးတော့ နံပါတ်ဒုတ်နဲ့ စရိုက်ရာကနေပြီးတော့ နောက်ကလူတွေအားလုံးက ပါလာတဲ့ သဘောပါ။

ကိုသားညွန့်ဦး။ ။ ထိခိုက်ဒဏ်ရာရမှုရော ဘယ်လိုများရှိလဲခင်ဗျ။

ကိုစည်သူ။ ။ ကျနော်တို့ အခုနောက်ဆုံး သိထားရတဲ့ အချက်အရတော့ ကျောင်းသားတွေ အယောက် ၃၀ ကျော်၊ ၄၀ နီးပါးလောက် အဖမ်းခံထားရတယ်။ သတင်းထောက် ၂ ယောက်လောက်ကိုတော့ ထိန်းသိမ်းထားတယ်လို့ ကျနော်တို့သိထားတယ်။ ဒဏ်ရာရသူကတော့ အကုန်လုံးနီးပါးလောက် အရိုက်ခံရတဲ့အတွက် ဒဏ်ရာ အသေးအမွှားလေးတွေတော့ ရကြတယ်လို့ ကျနော်တို့သိထားရတယ်။ တချို့တွေက ဆေးရုံမှာရောက်နေတယ်။ တချို့ကတော့ ဘုန်းကြီးကျောင်းမှာ ရှိနေတယ်။ တချို့ကတော့ ရဲတွေခေါ်သွားတယ်လို့ သိရပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ အခု ဒီကျောင်းသားသပိတ်ကို ကူညီနေကြတဲ့ လူမှုရေးအဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာဆိုရင် ကိုကျော်သူတို့ဆီက နာရေးအဖွဲ့အစည်းတွေ ဘာတွေရှိတယ်၊ နောက် သတင်းတွေလည်းရှိတယ်။ သူတို့နဲ့ ပတ်သက်လို့ရော လုံခြုံရေးအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှု ဘယ်လိုရှိပါသလဲ။

ကိုစည်သူ။ ။ ဒီဖြစ်စဉ်ထဲမှာရှိနေတဲ့ လူတွေအကုန်လုံးကို ရိုက်တဲ့သဘောပါခင်ဗျ။ သတင်းထောက်တွေဆိုရင်လည်း ရိုက်တာခံရတယ်။ ပြီးတော့ တခြားရှိနေတဲ့လူတွေလည်း ဝင်ပြီးတော့ ရိုက်တာခံရတယ်။ ကျနော်ကိုယ်တိုင်လည်းပဲ နှစ်ကြိမ်လောက်ကို ခြိမ်းခြောက်တာခံရပါတယ်ခင်ဗျ။ ကျနော်က ကျနော့်ကဒ်ပြားကို ထောင်ပြတော့ သတင်းထောက်က ပြဿနာမရှိပါဘူး။ မရိုက်ပါဘူးဆိုပြီး ကျနော်တို့က ဘေးကို ထွက်နေရပါတယ်ခင်ဗျ။ အဲ့ဒီဖြစ်စဉ် ဖြစ်ပြီးတဲ့အချိန်မှာပဲ လမ်းပေါ်မှာရှိတဲ့ ပြည်သူတွေကတော့ ဒေါသထွက်နေတဲ့ သဘောမှာရှိပါတယ်ခင်ဗျ။ ရဲတွေနဲ့ ကျောင်းသားတွေနဲ့ အဓိကရုဏ်း ဖြစ်ကြပြီလို့ သူတို့ကြားကြားချင်းမှာ လမ်းပေါ်မှာလည်း ရဲတွေကို တွေ့ကရာပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေ၊ လောက်လေးဂွတွေနဲ့ လာပေါက်တာတွေ ကျနော်တို့ အနည်းငယ် တွေ့ခဲ့ရတယ်ခင်ဗျ။

အခု အဖြစ်အပျက်နဲ့ ပတ်သက်လို့ အစိုးရပြန်ကြားချက် ထုတ်ပြန်ချက်မှာတော့ ဆန္ဒပြပွဲကို မွန်းလွဲ ၁ နာရီခန့်မှာ ရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ ရှင်းလင်းလူစုခွဲပြီး၊ ကျား ၁၀၇ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၁၂၇ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG