သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ်ကို အကြမ်းဖက်မှု အရပ်ဘက်အဖွဲ့တွေ ရှုတ်ချ


ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် အင်အားသုံး နှိမ်နင်းဖမ်းဆီးမှုတွေကို လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အခုလုပ်ရပ်ဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ် ပိတ်ပင်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းတာဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပိတ်ပင် ကန့်သတ်တာဖြစ်သလို၊ ကျောင်းသားကိုယ်စားလှယ်တွေ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)၊ လွှတ်တော်နဲ့ အစိုးရ တို့ရဲ့ လေးပွင့်ဆိုင်ဆွေးနွေးမှုကနေ ရရှိထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ NNER ပညာရေးကွန်ရက်ကို ဦးဆောင်သူ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။

“ကျောင်းသားတွေ လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ကို ပိတ်ပင်တားဆီးရာ ရောက်တယ်၊ ပြီးတဲ့အပြင် ကျောင်းသားတွေကို အင်အားသုံးပြီးတော့ အကြမ်းဖက် ဖမ်းဆီးတယ်။ ကျောင်းသားတွေမှာ ဘာလက်နက်မှ ရှိတာမဟုတ်ဘူးဗျာ။ သူတို့ အေးအေးဆေးဆေးပဲ ဖမ်းပါလို့၊ အေးအေးဆေးဆေး အဖမ်းခံတယ်။ အဲဒါကို ဒုတ်ကိုင်ထားတဲ့ ပုလိပ်တွေက ဝိုင်းရိုက်ပြီးတော့ ဖမ်းတယ်ဗျ။ အဲဒါကမျက်မြင်တွေ ကိုယ်တိုင်ရှိတယ်။ ဓာတ်ပုံသက်သေလည်းရှိတယ်။ ဝိုင်းရိုက်ပြီးတော့ဖမ်းတာ၊ ဒါကလူမဆန်အောင် လုပ်တာဗျ။ အဲဒါက မတရားလုပ်တယ်လို့ ကျနော်ကမြင်တယ်။ အဲဒီအပြင် ကျနော်တို့ဒါက ကျောင်းသားတွေက ပညာရေးဥပဒေကို ပြင်ဖို့အတွက် သူတို့ဆန္ဒပြနေတာ။ ပညာရေးဥပဒေက ပြင်တဲ့အဆင့် မရောက်သေးဘူးဗျ။ ပြင်ဖို့အတွက် ဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ဆိုတော့အဲဒီမှာ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတုန်းက ကျောင်းသားဆန္ဒပြတာနဲ့ ပတ်သက်လို့ ဆန္ဒပြတဲ့ သူတွေကိုရော၊ ကူညီတဲ့သူတွေကိုရော ဖမ်းဆီးခြင်း မပြုပါဘူးဆိုတာ သဘောတူ လက်မှတ်ထိုးထားတယ်။ အဲဒီတော့ ကျနော်တို့ ၄ ပွင့်ဆိုင် သဘောတူ လက်မှတ်ထိုးထားတာကို အစိုးရက ချိုးဖောက်တယ်လို့ ကျနော်က မြင်တယ်ဗျ။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့စည်းက ကိုမြအေးကလည်း အကြမ်းဖက်ဖြိုခွဲမှုဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မဟုတ်ဘူးလို့ ပြောပါတယ်။ အခုလုပ်ဆောင်မှုက အစိုးရရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲတွေကို မေးခွန်းထုတ်စရာ ဖြစ်တယ်လို့လည်း ကိုမြအေးက ပြောပါတယ်။

“ဖြေရှင်းတဲ့ ပုံသဏ္ဍာန်က အကြမ်းဖက်ဖြေရှင်းတဲ့ ပုံစံမှာကိုပဲ တရားလက်လွတ်၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ ရိုက်နှက်တာတွေ တွေ့နေရပါတယ်။ ဖမ်းထားတဲ့လူကို ရင်ဝကို ပြေးပြီးဆောင့်ကန်တာမျိုး၊ ထပ်ပြန်တလဲလဲ ရိုက်နှက်တာမျိုး၊ ကလေးတွေကို ကြမ်းပြင်ပေါ်မှာ ခေါင်းပေါ်လက်တင်ခိုင်းပြီး၊ စစ်သုံ့ပန်းဖမ်းသလို ဖမ်းတာမျိုး၊ နောက်တခုက ကျနော်တို့ နာရေးကူညီမှုကားပါမကျန် အကုန်လုံး ကားမှန်တွေကို အငြိုးတကြီးနဲ့ ရိုက်ခွဲတာမျိုး၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့ မြင်နေပါတယ်။ အဲဒီအခြေအနေကြီးဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော့်အနေနဲ့တော့ ပြန်ပြီးမေးခွန်းထုတ်စရာ ဖြစ်သလို၊ အဲဒီမှာ အကြမ်းဖက်ဖြိုခွဲမှုတွေ အားလုံးနဲ့ ပတ်သက်ပြီး ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူးဆိုတဲ့ဟာကို တိတိလင်းလင်းပဲ ပြောချင်ပါတယ် ကျနော်ကတော့။”

မနေ့က လက်ပံတန်းမြို့ကနေ ရန်ကုန်ကို ချီတက်ဖို့ ကြိုးစားနေကြတဲ့ ဆန္ဒပြကျောင်သားတွေနဲ့အတူ ကျောင်းသားတွေကို အားပေး ကူညီနေတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံတွေ စုစုပေါင်း ၁၀၀ ကျော် အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာပါ။ ဆန္ဒပြ ကျောင်းသားတွေကို သွားရောက် ကူညီပေးနေတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းရဲ့ ပစ္စည်းတချို့လည်း အကြမ်းဖက်ဖြိုခွဲ ခံရချိန်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အကြောင်းကိုတော့ နာရေးကူညီမှုအသင်းက မရွှေဇီးကွက်က ပြောပြပါတယ်။

“ကျမတို့ရဲ့ အသင်းသူ၊ အသင်းသားတွေကတော့ သွားကူတဲ့ လူတွေမှာတော့ ထိခိုက်ဒဏ်ရာတွေ မရခဲ့ပါဘူး။ ပစ္စည်းကတော့ နည်းနည်းထိခိုက်တာပေါ့၊ လူကိုမထိခိုက်ကြပါဘူး။ လူတွေက နည်းနည်းပါးပါး ဘယ်လိုပြောမလဲ၊ သူများပွေ့ရင်းကိုင်ရင်းနဲ့ ထိခိုက်တာလောက်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ ကလေးတွေကလည်း သူတို့ ကယ်ဆယ်ရေးအနေနဲ့ ထင်ထင်ရှားရှားလေးတွေ ဝတ်ထားတော့။ ဒါပေမဲ့ ကျမတို့ကလေးတွေလည်း အတော်စိတ်မကောင်းကြဘူးပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ မျက်မြင် မြင်လိုက်ရတယ်ပေါ့လေ။ သူတို့က ဒီမှာရန်ကုန်မြို့မှာ ကားတိုက်လို့၊ ဘာလို့၊ သူများနှိက်စက်လို့ မဟုတ်ဘူးလေ။ အခုကလူလူချင်း နှိပ်စက်၊ ရက်စက်လို့ ဒဏ်ရာရတဲ့လူတွေ သူတို့လည်း ကယ်နေရတော့ အတော့်ကို စိတ်မကောင်း ဖြစ်ကြပါတယ်။”

ရန်ကုန်မြို့ကို ချီတက်လာနေတဲ့ ကျောင်းသား ပင်မသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက လက်ပံတန်းမြို့မှာ ပိတ်ဆို့ တားဆီးထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့နဲ့ ပိတ်ဆို့တားဆီးမယ့်အစား ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေ လုပ်နေတဲ့ကြားကပဲ ခုလို ကျောင်းသားတွေ ဖမ်းဆီး နှိမ်နင်းခံရတာပါ။ ဒါဟာ အစိုးရ အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာကို ပြသတာဖြစ်လို့ တိုင်းပြည်အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ Triangle အမျိုးသမီးများအဖွဲ့က မခင်လေးက ပြောပါတယ်။

“တော်တော်ကိုမှ စိတ်မကောင်းလည်းဖြစ်တယ်။ ဒေါသထွက်တယ်။ ကလေးတွေအတွက်လည်း ယူကျုံးမရ ဖြစ်ပါတယ်ပေါ့နော်။ နောက်ပြီးတော့ ကလေးတွေတောင်းဆိုထားတဲ့ ဟာတွေကလည်း မဖြစ်နိုင်တာတွေ မဟုတ်ပါဘူး။ နောက်ဆုံးအချိန်အထိ ပြေလည်မလိုလိုနဲ့မှာမှ အလံထောင်မယ်၊ ကားတန်းစီမယ်ဆိုတဲ့ဟာမှာ ပြန်ပျက်သွားတဲ့အခါကျတော့ ကျမတို့ တော်တော်လေးကိုမှ ယူကျုံးမရဖြစ်ရတယ်။ ဒီဖြစ်ရပ်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကျမတို့ ပြန်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ ဒီအစိုးရဟာ ဘယ်ကိစ္စကိုမှ သူတို့ဘက်က အလျှော့ပေးဖို့ မရှိဘူး။ အဲတော့ ဘယ်ကိစ္စပဲလုပ်လုပ် ငါတို့ အကြမ်းဖက်တဲ့ နည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ဟာမျိုးကို ကျမတို့ သွားတွေ့တဲ့အတွက် တိုင်းပြည်ရဲ့အနာဂတ်အတွက်လည်း ကျမတို့ စိတ်မကောင်းဖြစ်ရတယ်။ နောက်ပြီးတော့ ကလေးတွေကိစ္စပေါ့။ အခု ဖမ်းဆီးခံရတဲ့ ကလေးတွေ၊ ဒဏ်ရာရသွားတဲ့ ကလေးတွေကိစ္စကိုလည်း ကျမတို့ သိပ်စိတ်ပူပါတယ်။ အဲ့ဒီကလေးတွေကို အမြန်ဆုံး မိသားစုနဲ့ ဆက်သွယ်ပေးဖို့၊ အမြန်ဆုံး ပြန်လွတ်အောင်လုပ်ဖို့၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း ဆေးကုသခွင့် ရဖို့အတွက်ကိုလည်း ကျမတို့ တောင်းဆိုချင်ပါတယ်။”

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ အတွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေဟာ သူတို့ရည်မှန်းချက်အတိုင်း ဒီကနေ့ ရန်ကုန်မြို့ကို ဆက်လက် ချီတက်ဖို့ ကြိုးစားခဲ့ကြတာပါ။ ကျောင်းသားတွေကို ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာခွင့်ပြုဖို့ နယ်လုံဝန်ကြီးနဲ့ ညှိနှိုင်းခဲ့ပေမဲ့ နောက်ဆုံး ခွင့်ပြုချက်မရဘဲ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းခံရတာဖြစ်တယ်လို့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်ရှင်။

XS
SM
MD
LG