သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန် မာရသွန် ဗုံးခွဲသူ ပြစ်မှု ထင်ရှားတွေ့ရှိ


၂၀၁၃ ခုနှစ်က ဘော်စတွန်မြို့ မာရသွန်ပြေးပွဲကို ဗုံးခွဲတိုက်ခိုက်တာမှာ ပါဝင်မှုသံသယနဲ့ အဖမ်းခံထားရပြီး တရားရုံးတင် စစ်ဆေးနေတဲ့ Dzhokha Tsarnaev မှာ အပြစ်ရှိတယ်လို့ ဂျူရီလူကြီးအဖွဲ့တဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူ့ရဲ့အကို ဖြစ်သူနဲ့အတူ လုပ်ခဲ့တာလို့ စွပ်စွဲထားတဲ့ အဲဒီဗုံးခွဲတိုက်ခိုက်မှုမှာ လူ ၃ ဦးသေဆုံးပြီး ၂၆၄ ဦး ဒဏ်ရာရပါတယ်။

ဂျူရီလူကြီးအဖွဲ့ဟာ နှစ်ရက်အတွင်း ၁၁ နာရီကြာ ဆွေးနွေးသုံးသပ်ကြပြီး တဲ့နောက် အသက် ၂၁ နှစ်အရွယ် Tsarnaev ဟာ သူ့အပေါ်စွဲတင်ထားတဲ့ ပြစ်မှု ၃၀ လုံးအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီပြစ်မှုတွေထဲမှာ သေဒဏ်ပေးလို့ရတဲ့ပြစ်မှုက ၁၇ မှု ပါဝင်ပါတယ်။

ဘော်စတွန်မြို့က ပြည်ထောင်စုတရားရုံးတခုထဲမှာ ဂျူရီလူကြီးအဖွဲ့က စွဲချက်တခုချင်းအပေါ် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာချိန်အတွင်း သေ ဆုံးဒဏ်ရာရသူတွေရဲ့ မိသားစု ဆွေမျိုးသားချင်းတွေလည်း ရှိနေပါတယ်။

Tsarnaev ရဲ့အမှုဟာ အခုဆို ဒုတိယဆင့်ကို ရောက်သွားပါပြီ။ နောက်ထပ် ထွက်ဆိုချက်တွေကို ဂျူရီလူကြီးအဖွဲ့က နောက်သီတင်းပတ် အစောဆုံးထားပြီး ကြားနာပါမယ်။ အဲဒီနောက် သူ့ကို တသက်တကျွန်း ထောင်ဒဏ်ချမလား၊ သေဒဏ်ပေး မလား ဆိုတာ ဆုံးဖြတ်မှာပါ။

Dzhokha Tsarnaev နဲ့ သူ့ရဲ့အကိုဖြစ်သူ Tamerlan Tsarnaev တို့ဟာ ရုရှားနိုင်ငံ၊ Chechnya ဒေသကနေ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေ ဖြစ်ပါတယ်။ အကို Tsarnaev ကတော့ ဗုံးခွဲပြီးတဲ့နောက် ညီအကိုနှစ်ယောက် ထွက်ပြေးနေရင်း ညီ Tsarnaev က ကားနဲ့ မတော်တဆ တက်ကျိတ်မိပြီးတော့ သေဆုံးသွားတာဖြစ်ပါတယ်။

XS
SM
MD
LG