သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Podesta အကျိုးဆောင် ငှားရမ်းမှု ဝေဖန်မှုတွေ ရှိ


ဝါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့
ဝါရှင်တန်အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့

ဝါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရ ငှားရမ်း တာဟာ ငွေဖြုန်းတီးခြင်းသာဖြစ်ပြီး အကျိုးမရှိဘူးလို့ မြန်မာ့ အရေး လှုပ်ရှားသူတွေက ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအပေါ် အကောင်းမြင်လာအောင် ဒီအကျိုးဆောင်အဖွဲ့က တိုက်တွန်းကြိုးစားပေးမယ် ဆိုပေမဲ့ မြန်မာနိုင်ငံတွင်းက လက်ရှိအခြေအနေမှန်ကို အမေရိကန်လွှတ်တော်နဲ့ အစိုးရက သိရှိထားပြီးသားဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို စည်းရုံးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဝါရှင်တန်ဒီစီ အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို တနှစ်ကို အမေရိကန်ဒေါ်လာ ရှစ်သိန်းလေးသောင်းနဲ့ မြန်မာအစိုးရက စာချုပ်ချုပ်ပြီး ငှားရမ်း လိုက်ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်လုပ်မယ့်အစား သူတို့ရဲ့မမှန်မကန်လုပ်ရပ်တွေကိုဖုံးကွယ်ဖို့ ဝါရှင်တန်မှာရှိတဲ့ အကျိုးဆောင်အဖွဲ့ကို ပိုက်ဆံပေး လုပ်ခိုင်းလိုက်တာဖြစ်တယ်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ လူမှုဖူလုံရေး အသုံးစရိတ်အတွက် ဒီပိုက်ဆံတွေကို မြန်မာအစိုးရက အသုံးပြုမယ်ဆိုရင်တောင် ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဆက်ပြီးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း HRW ရဲ့အာရှရေးရာတာဝန်ခံ Brad Adams ကပြောပါတယ်။

"မြန်မာအစိုးရအနေနဲ့ ပိုက်ဆံကို ဆင်းရဲသားတွေအတွက် သုံးသင့်ပါတယ်။ မဖြုန်းသင့်ပါဘူး။ ပိုက်ဆံ ချမ်းသာတဲ့ ဝါရှင်တန်က အကျိုးဆောင်အဖွဲ့ အတွက် ငွေတွေကို အကုန်မခံသင့်ပါဘူး။ ဒီအကျိုးဆောင်အဖွဲ့ကို ငှားရတဲ့ အဓိက အကြောင်းရင်း ကတော့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အခြေခံအားဖြင့် ရပ်တန့်နေတာပါ။ ဒါကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီအကျိူးဆောင်အဖွဲ့ကို ငှားပြီး အသုံးပြုတာဖြစ်ပါတယ်။

အလားတူ ဝါရှင်တန် အခြေစိုက် လှုပ်ရှားခဲ့တဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းကလည်း မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လုပ်မယ်ဆိုရင် ဒီလိုအကျိုးဆောင်အဖွဲ့ကို ငှားရမ်းဖို့တောင် မလိုဘူးလို့ အခုလိုပြောပါတယ်။

"သူတို့ကိုယ်တိုင် ဒီမှာ အပြောင်းအလဲ Reform ကို တကယ်လုပ်တယ်ဆိုရင် ဘာမှ မလိုပါဘူး။ ပြန်ကြားရေးလည်း သူတို့ ကိုင်ထားတာပဲ။ ကျန်တဲ့ ဝါရှင်တန်မှာလည်း သံရုံးရှိတာပဲ။ EU မှာလည်း သူတို့ သံရုံး သံအမတ်တွေ ရှိတာပဲ။ ဒါ မလိုပါဘူး။ တကယ်တမ်းဆိုရင် NCGUB အနေနဲ့ ရပ်တည်တုန်းကလည်း Human Rights Lobby Amnesty International တို့လို Human Rights Watch တို့လို ကျန်တာတွေလည်း ရှိမှာပေါ့နော်။ အများကြီးရှိပါတယ် ဒီမှာ။ အဲ့တာတွေနဲ့ပဲ ကျနော်တို့ ဆက်ဆံတာ။ ဒီလိုကျန်တဲ့ Lobby တွေ Special Intertests ရှိတဲ့ Lobby တွေနဲ့ ဆက်ဆံတာ မဟုတ်ဘူး။ "

မြန်မာအစိုးရက ငှားရမ်းလိုက်တဲ့ Podesta အကျိုးဆောင်အဖွဲ့ တည်ထောင်သူ ညီအကိုနှစ်ဦးထဲက John Podesta ဟာ အမေရိကန်သမ္မတ အိုဘားမားရဲ့ လက်ရှိ နိုင်ငံတကာဆက်ဆံရေးအကြံပေး ပုဂ္ဂိုလ်ဖြစ်သလို ဟင်လာရီကလင်တန်ရဲ့ ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး အရင် သမ္မတဟောင်း မစ္စတာကလင်တန်လက်ထက်က သမ္မတအိမ်ဖြူတော် အကြီးအကဲဟောင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရနဲ့ အမေရိကန် နိုင်ငံရေးလောကမှာ အရေးပါတဲ့သူတွေကိုချဉ်းကပ်စည်းရုံးဖို့ Podesta အကျိုးဆောင်အဖွဲ့ကို ငှားတာဟာ သဘာဝကျတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် မြန်မာရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာပြနိုင်တဲ့ ဖြစ်ရပ်မျိုး ဦးသိန်းစိန် အစိုးရမှာ ရှိမနေတာကြောင့် အခုလိုငှားရမ်းတာဟာ ငွေကုန် အချိန်ကုန်တာပဲရှိတယ်လို့ Brad Adams ကပြောပါတယ်။

"အကျိုးဆောင်အဖွဲ့ကိုငှားရမ်းခြင်းအားဖြင့် အထောက်အကူပြုလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဒီမှာက သတင်းအချက်အလက်တွေ အများကြီး သိရှိထားပါတယ်။ အမေရိကန်အစိုးရရော၊ လွှတ်တော်မှာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခြေအနေတွေကို စိုးရိမ်မကင်းဖြစ်နေကြပြီး အနီးကပ်စောင့်ကြည့်နေကြတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်အချိန်ကဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ရှိနေတယ်လို့ဆိုရမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီမိုကရက်ရော၊ ရီပါပလင်ကန် နှစ်ပါတီလုံး ကပါ မြန်မာနိုင်ငံဟာ လမ်းကြောင်းအမှားကို သွားနေတယ်လို့ သုံးသပ်ထားကြောင်း Brad Adams ကပြောပါတယ်။ အခုလို အကျိုးဆောင် အဖွဲ့ကို ငှားခြင်းအားဖြင့် ဘာမှ အကျိုးမရှိနိုင်ဘူးလို့ မြန်မာ့ အရေးသုံးသပ်သူတွေ ထောက်ပြခဲ့ကြပါတယ်။

XS
SM
MD
LG