သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးငွေဆိုင်ရာမူ ကန် ပြင်ဆင်ဖို့စဉ်းစား


အမေရိကန်သမ္မတ အိမ်ဖြူတော်။
အမေရိကန်သမ္မတ အိမ်ဖြူတော်။

သမ္မတဘားရက် အိုဘားမား အစိုးရဟာ အဖမ်းဆီးခံ ထားရတဲ့ အမေရိကန် ဓါးစာခံတွေကို ပြန်ပေးငွေပေးပြီး လွတ်မြောက်အောင် ညှိနှိုင်းမှုနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းလဲတခုပြုလုပ်ဖို့ စဉ်းစားသုံးသပ် နေတယ်လို့ အမေရိကန်ရုပ်သံ ကွန်ယက်တခုက ကြေညာပါတယ်။

ပြည်ပမှာ အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးမှုခံထားရတဲ့ ဆွေမျိုးသားချင်းတွေကို ပြန်လွှတ်ပေးဖို့အတွက် ပြန်ပေးငွေ ပေးရေးကိစ္စ ညှိနှိုင်းမှု ပြုလုပ်တဲ့ မိသားစုတွေကို ပစ်မှုကျူးလွန်တယ်ဆိုပြီး တရားစွဲဆိုတာမျိုး နောင်မှာ ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ABC ရုပ်သံလွှင့်ဌာနက တနင်္ဂနွေနေ့မှာ ကြေညာသွားပါတယ်။ သမ္မတအိမ်ဖြူတော်က အကြံပေးအဖြစ် ခန့်အပ်ထားတဲ့ အမျိုးသား အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာနရဲ့ ထောက်ခံမှုနဲ့ အခုလို မူဝါဒကို ပြင်ဆင်တာ ဖြစ်တယ်လို့ ABC ရုပ်သံဌာနက ပြောပါတယ်။

နိုင်ငံခြားမှာ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လည်လွတ်မြောက်လာဖို့ ကြိုးစားတဲ့ မိသားစုဝင်ဘယ်သူမဆို ထောင်ကျနိုင်တဲ့ အလားအလား ဒါမှမဟုတ် ဥပဒေကြောင်းကနေ အရေးယူခံရနိုင်တဲ့ အန္တရာယ်မျိုး လုံးဝရှိတော့မှာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူ တယောက်က ABC ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

မနှစ်တုံးက IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ခေါင်းဖြတ်သတ်တာကိုခံခဲ့ရတဲ့ သတင်းထောက် James Foley ရဲ့ မိခင်ဖြစ်သူ Diane Foley က သူမရဲ့သားလွတ်မြောက်ဖို့အတွက် ငွေပေးဖို့ ကြိုးစားခဲ့မယ်ဆိုရင် ရာဇဝတ်မှုနဲ့ တရားစွဲခံရ လိမ့်မယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ခြိမ်းခြောက်တာ ခံခဲ့ရတယ်လို့ ပြောပါတယ်။ အိမ်ဖြူတော့ကတော့ ဒီဖြစ်ရပ်ကို ငြင်းဆိုပါတယ်။ သမ္မတအိုဘားမားရဲ့ အစိုးရကတော့ အခုလိုမူဝါဒပြင်ဆင်မှု ပြုလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG