အမေရိကန်ဝန်ထမ်းရေးရာ OPM ဌာနရဲ့ အင်တာနက်ကွန်ယက်ထဲကို Online သူခိုး Hecker တွေဝင်ရောက်ပြီး လက်ရှိအစိုးရဝန်ထမ်းနဲ့ အနားယူ သွားတဲ့ဝန်ထမ်း စုစုပေါင်း ၄ သန်းနီးပါးရဲ့ အချက်အလက်မြောက်မြားစွာကို ခိုးယူသွားတဲ့ထဲမှာ ဘယ်သူ့ရဲ့ အချက်အလက်တွေ ပါသွားတယ်၊ ပါမသွားဘူးဆိုတာကို တနင်္လာနေ့ကစပြီး အစိုးရက အသိပေး အကြောင်းကြားမယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။
ခိုးယူခံသွားရနိုင်တဲ့ထဲမှာ နောက်ကြောင်း ရှင်း မရှင်း စိစစ်ထားတဲ့ မှတ်တမ်းအပါအဝင် ကိုယ်ရေးအချက်အလက်တွေအားလုံး ပါဝင်ပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ထိခိုက်ဆုံးရှုံးမှုရှိသလဲဆိုတာကို အမိမြေလုံခြုံရေးဌာနနဲ့ FBI က စုံစမ်းစစ်ဆေးနေပါတယ်။ တရုတ်အစိုးရနဲ့ ဆက်နွယ်မှု ရှိနိုင်တဲ့ တရုတ်နိုင်ငံထဲက Hacker Online သူခိုးတွေရဲ့ လက်ချက်လို့ အမေရိကန် တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူတွေက
သံသယရှိနေကြပါတယ်။
ဝန်ထမ်းရေးရာဌာနက April လမှာ သိရှိခဲ့တဲ့ Online ပေါ်ကတိုက်ခိုက်မှုဟာ တရုတ်အစိုးရနဲ့ ပါတ်သက်နေတယ်လို့တော့ အိမ်ဖြူတော်ပြောခွင့်ရသူက တိုက်ရိုက် စွပ်စွဲတာမျိုးတော့ မရှိခဲ့ပါဘူး၊ အခု ခိုးယူမှုကို ဘယ်သူလုပ်တယ်ဆိုတာ မပြောနိုင်ပေမဲ့ တရုတ်ရဲ့ Online ပေါ်က အရင်လုပ်ရပ်တွေကြောင့် စိုးရိမ်မှုရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest ကပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်က တရုတ်အပေါ် မသင်္ကာဖြစ်နေတာတွေလျှော့ပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေ မလုပ်ဖို့ တရုတ်အစိုးရဘက်က တုံ့ပြန်ပါတယ်။ Online ပေါ်ကနေ အချက်အလက်တွေ ခိုးယူတာမျိုးကို တရုတ်အစိုးရက အခိုင်အမာဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက သောကြာနေ့က ပြောကြားခဲ့ပါတယ်။