သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဖက် သင်္ဘောတွေ စစ်ရေးမှာ အသုံးပြုနိုင်အောင် တရုတ်ပြင်ဆင်


(PLA) တရုတ်စစ်သင်္ဘော။
(PLA) တရုတ်စစ်သင်္ဘော။

အသစ်တည်ဆောက်မယ့် အရပ်ဖက်သုံး သင်္ဘောတွေကို စစ်ရေးအတွက်သုံးဖို့ လိုအပ်တာတွေပါ ထည့်သွင်းတည်ဆောက် ရမယ်လို့တရုတ်အစိုးရက ညွှန်ကြား လိုက်ပါတယ်။ ဒါဟာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ အရှေ့နဲ့ တောင်အာရှပင်လယ်ပြင်တွေမှာ တရုတ်က သူတို့ပိုင်ဆိုင်မှုအတွက် ကြိုးစားနေတာနဲ့ တရုတ်စစ်တပ်ရဲ့ ရေကြောင်းဆိုင်ရာ ချဲ့ထွင်ဖို့ ကြိုးစားနေမှုတွေအတွက် အရှိန်မြှင့်ရာမှာ အထောက်အကူ ရစေမယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်အစိုးရက သူ့ရဲ့ အရပ်ဖက် ကမ်းရိုးတန်းစောင့် စစ်သင်္ဘောတွေကို ကမ္ဘာတဝှမ်း အကြီးမားဆုံးအနေထား ရောက်အောင် တိုးခဲျ့ရာမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ရေပြင်ထဲ သူ့ပိုင်ဆိုင်မှုကိုပြတဲ့အနေနဲ့ လက်နက်တပ်ဆင်မထားတဲ့ သင်္ဘောတွေကို သုံးခဲ့တယ်လို့ ဒီနှစ်ဆန်းက ထုတ်ပြန်တဲ့ အမေရိကန် ရေတပ်ထောက်လှမ်းရေး အစီရင်ခံစာ မှာ ဖေါ်ပြထား ပါတယ်။ဒါ့ကြောင့်လည်း ဒီသင်္ဘောတွေကို အကဲခတ်သုံးသပ်သူတွေက တရုတ်ရဲ့ ဒုတိယ ရေတပ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

စစ်ဖြစ်ချိန်မှာ တရုတ်ရေတပ်အတွက် သုံးနိုင်ဖို့ နောက်ထပ်ဆောက်လုပ်မယ့် သင်္ဘောတွေကို အရံရေတပ်သင်္ဘောတွေအဖြစ် သုံးနိုင်အောင် ဆောက်လုပ်ဖို့ လိုအပ်တယ်လို့အမျိုးသား စစ်ရေးဆိုင်ရာ လမ်းညွှန်ချက်အသစ်တွေကို တရုတ်အစိုးရက အတည်ပြုခဲ့ကြောင်း ပြီးခဲ့တဲ သီတင်းပါတ်ထဲမှာပဲ တရုတ်အစိုးရ သတင်းတွေမှာ ဖေါ်ပြပါတယ်။

တရုတ်လွှတ်တော်ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာ ကူးသန်းသွားလာရေး ဥပဒေတရပ် အတွက် စတင် လုပ်ဆောင်တော့မှာ ဖြစ်ပြီး ဒီဥပဒေအရ သင်္ဘောတည်ဆောက်သူတွေအတွက် စစ်ရေးအတွက်ပါသုံး နိုင်အောင် လုပ်ပေးရတဲ့ ကုန်ကျစားရိတ်တွေကို ပေးမှာဖြစ်ပြီး စစ်ရေးအတွက် သုံးချိန်မှာ ဖြစ်ပေါ်တဲ့ ပျက်စီးမှုတွေအတွက်ပါ အာမခံပေးဖို့ ပါဝင်တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG