သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Blazer ကို ဘောလုံးလောကမှ ရာသက်ပန် ပိတ်ပင်


FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အမှုဆောင် ကော်မတီအဖွဲ့ဝင်ဟောင်း Chuck Blazer။
FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် အမှုဆောင် ကော်မတီအဖွဲ့ဝင်ဟောင်း Chuck Blazer။

FIFA ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကြီးကနေ အမှုဆောင် ကော်မတီအဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Chuck Blazer ကို ဘောလုံးနဲ့ ပါတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှု မှန်သမျှကို ရာသက်ပန် ပိတ်ပင်လိုက်ပါတယ်။Blazer က လာဘ်ငွေပေးမှု အများအပြားကို လက်ခံခဲ့ကြောင်း ဝန်ခံခဲ့သလိုကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ကိုင်လှုပ်စေခဲ့တဲ့ အမေရိကန် အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုမှာလည်းသတင်းပေးတယောက် ဖြစ်လာ တာပါ။

FIFA နဲ့ CONCACAF မှာ အကြီးတန်းရာထူးတွေ ထမ်းဆောင်နေချိန်မှာ Blazer ဟာ လဒ်စားတာ၊ တရားမဝင် ငွေအပေးအယူနဲ့ တခြားငွေကြေးဆိုင်ရာ တွေ အပါအဝင် မလုပ်သင့်တဲ့ မဖွယ်မရာ အလုပ်မျိုးစုံကို ဆက်တိုက်ပဲ၊ ထပ်တလဲလဲ အများအပြား ကျူးလွန်ခဲ့တယ်လို့ ဖီဖါရဲ့ ကျင့်ဝတ်စည်းကမ်း ဆိုင်ရာ ကော်မတီ က ပြောကြားခဲ့ပြီး ဘောလုံးလောက ကနေ သူ့ကို ရာသက်ပန် ပိတ်ပင်လိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

ကမ္ဘာမှာ သြဇာအရှိဆုံး ဘောလုံးအဖွဲ့ အရာရှိတွေထဲက တယောက်အဖြစ် နှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား Blazer က အမေရိကန် အစိုးရရှေ့နေတွေနဲ့သဘောတူညီချက် ပြုလုပ်ခဲ့တဲ့ တစိတ်တပိုင်းအဖြစ် သူ့ရဲ့ ရာဇဝတ်ပစ်မှု ဆယ်ခုအတွက် အပြစ်ရှိကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲမှာ လျှို့ဝှက်ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

သူနဲ့ တခြား ဖီဖါ အမှုဆောင်ကော်မတီဝင်တွေဟာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင် နိုင်ငံအဖြစ် ပြင်သစ်ကို ရွေးချယ်မှုနဲ့ ဆက်နွယ်ပြီး လာဘ်ယူခဲ့တယ်လို့ အမေရိကန် တရားသူကြီးကို သူက ပြောခဲ့တာပါ။ ဒါ့အပြင် ၂၀၁၀ အတွက် တောင်အာဖရိကမှာ ကျင်းပခွင့် ရခဲ့တာနဲ့ ဆက်နွယ်ပြီး သူ လဒ်ယူခဲ့တယ်လို့လည်း ပြောပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ အတွင်း လဒ်ငွေ ဒေါ်လာ ၁၁ သန်းလောက် လက်ခံယူခဲ့တယ်လို့လည်း သူက ဝန်ခံခဲ့ပေမယ့် ဒီ့ထက်ပိုများနုျိင်တယ်လို့ သတင်းတွေမှာ ရေးကြပါတယ်။

အသက် ၇၀ ရှိပြီဖြစ်တဲ့ Blazer ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အဂတိလိုက်စားမှုပေါ်ပေါက် လာခဲ့တဲ့ နောက် FIFAဥက္ကဋ္ဌ ရာထူးကနေ နှုတ်ထွက်ဖို့ လက်ခံခဲ့တဲ့ Sepp Blatter ရဲ့ ရင်းနှီးတဲ့ မိတ်တွေ တဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG