သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတုလက်နက် အသုံးပြုမှု တားမြစ်ရေးစာချုပ် မြန်မာ လက်မှတ်ထိုး


နယ်သာလန် နိုင်ငံ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။
နယ်သာလန် နိုင်ငံ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ ။ သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန။

ကုလသမဂ္ဂ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုး သဘောတူလိုက်တာကြောင့် နိုင်ငံတွင်းက ဓာတုပစ္စည်း ဆိုင်ရာ ထုတ်လုပ်မှု၊ စမ်းသပ်မှုတွေကို နိုင်ငံတကာရဲ့ စစ်ဆေးမှု ခံယူရတော့မှာ ဖြစ်ပါတယ်။ ဓာတု လက်နက်က ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုတွေကို တားမြစ်တဲ့ OPCW အဖွဲ့ဝင် ဖြစ်လာတာကြောင့် မြန်မာနိုင်ငံဟာ ဓာတု လက်နက် ကင်းစင်တဲ့ နိုင်ငံ အဖြစ် နိုင်ငံတကာကို သက်သေပြဖို့ စစ်ဆေးခံဖို့လည်း အဆင်သင့် ဖြစ်နေပြီ လို့လည်း မြန်မာဘက် က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

ကုလ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW ရဲ့ ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ မြန်မာနိုင်ငံက ဇူလိုင်လ ၈ ရက်နေ့မှာ အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ ကုလ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW ရဲ့ ၁၉၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာတဲ့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာက စိုးရိမ်နိုင်ဖွယ်ရှိတဲ့ ဓာတုပစ္စည်းတွေ စာရင်းကို ပြုစု ပေးအပ်ရ ဖြစ်တဲ့ အပြင် နိုင်ငံတကာရဲ့ ဝင်ရောက် စစ်ဆေးမှုတွေကိုလည်း စာချုပ်ပါ စည်းကမ်း အတိုင်း လက်ခံရမှာ ဖြစ်တယ်လို့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"ဓာတုဗေဒနဲ့ပတ်သက်တဲ့ sensitive ဖြစ်တဲ့ဥစ္စာတွေ၊ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ဇယားတွေကို သူတို့ဆီကို ကျနော်တို့က ပေးဖို့ စာချုပ်ရဲ့ Article ထဲမှာ ပါပါတယ်။ ကျနော်တို့က အဲ့ဒီ့အတွက်ကိုလည်း အဆင်သင့်ဖြစ်နေပြီ။ အဲ့ဒီ့အတွက်ကို သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနကနေ ပြီးတော့ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့ပြီးတော့ သူတို့ တိုက်ရိုက် လုပ်တော့မှာဖြစ်ပါတယ်။

အဲ့တော့ ထို့အတူပဲ ဒီစာချုပ်တွေနဲ့ပတ်သက်ပြီးတော့ အထဲမှာ မြန်မာနိုင်ငံအပေါ်မှာ လိုအပ်တဲ့ လာရောက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေရှိလို့ရှိရင် စာချုပ်ပါအတိုင်း လက်ခံဆောင်ရွက်ပေးဖို့ရှိမယ်။ နောက် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတုဗေဒနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဆေးပစ္စည်းတွေ ဒါတွေအပေါ်မှာလည်း ကျနော်တို့က စာရင်းဇယားအရ အပြန်အလှန် ဝေဌပြီး ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ "

ကုလ ဓာတုလက်နက် တားမြစ်ရေး အဖွဲ့ OPCW က အဖွဲ့ဝင် နိုင်ငံတွေကိုဓာတု လက်နက် ထုတ်လုပ်မှု၊ စမ်းသပ်မှု၊ ပိုင်ဆိုင်ထားရှိမှု၊ သိုလှောင်မှု၊ လွှဲပြောင်းမှုနဲ့ အသုံးပြုမှုတွေကို တားမြစ်တာ ဖြစ်ပါတယ်။ဒါ့အပြင် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ အရင်ပိုင်ဆိုင်ထားတဲ့ ဓာတုလက်နက်တွေနဲ့ ထုတ်လုပ်တဲ့ စက်ရုံတွေကို ဖျက်သိမ်းရမှာ ဖြစ်သလို ဓာတု လက်နက်ဟောင်းတွေကိုလည်း စွန့်လွှတ်ရမှာ ဖြစ်ပြီး နိုင်ငံတွင်း ဓာတုလက်နက်က ကင်းရှင်းကြောင်း နိုင်ငံ တကာ စောင့်ကြည့်ရေး အဖွဲ့ထံကို တင်သွင်း စစ်ဆေးခံရမှာလည်း ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က စတင်ကျင့်သုံးခဲ့တဲ့ ဓာတုလက်နက် အသုံးပြုမှု ဆိုင်ရာ သဘောတူညီချက်ကို လက်တွေ့ကျင့်သုံးဖို့ နောက်ဆုံး ကျန်ရှိနေတဲ့ နိုင်ငံ ၆ နိုင်ငံထဲမှာ ပါရှိတဲ့ မြန်မာတို့ အနေနဲ့ အခုလို လက်တွေ့ကျင့်သုံးဖို့ လက်မှတ်ရေးထိုးလိုက်တာကြောင့် မြန်မာတို့ဟာ ဓာတု လက်နက်ကင်းရှင်းတဲ့ နိုင်ငံ တနိုင် ဖြစ်ကြောင်း ကမ္ဘာကို ပြသလိုက်နိုင်တာ ဖြစ်တယ်လို့လည်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။

"မြန်မာနိုင်ငံက ဒီဓာတုဗေဒလက်နက်နဲ့ပတ်သက်ပြီးတော့ နိုင်ငံအများနဲ့အတူ စိတ်ရှင်းရှင်းနဲ့ မြန်မာနိုင်ငံမှာ ဓာတုပစ္စည်းတွေ လက်နက်ပစ္စည်းတွေ မရှိဘူးဆိုတာကို ကမ္ဘာကို ပွင့်ပွင့်လင်းလင်း သံသယမရှိအောင် ပြောနိုင်တဲ့ ဥစ္စာကတော့ ကျနော်တို့နိုင်ငံအတွက် အထူးပဲ ဂုဏ်တက်သွားစေ တာပေါ့လေ။ နောက်တော့နောက်ကျတယ်။ သို့သော်လည်း ကျနော်တို့က နိုင်ငံအများနဲ့ တန်းတူ ဓာတုဗေဒအဖွဲ့အစည်း ဓာတုဗေဒနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းမှာ ဝင်ရောက်တဲ့အတွက် ကျနော်တို့နိုင်ငံအတွက် အများကြီး ဂုဏ်ရှိသွားပါတယ်။ "

ဒါ့အပြင် ဒီကနေ့ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့မှာ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ မှာလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်ခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီး
မြန်မာနိုင်ငံခြားရေးဝန်ကြီး

ကမ္ဘာပေါ်မှာ ဓာတု လက်နက် လုံး၀ ကင်းရှင်းသွားစေရေး လုပ်ငန်းစဉ်ကြီး မှာ မြန်မာနိုင်ငံ ကလည်း သဘောတူ စာချုပ်အတိုင်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီနဲ့ နျူကလီးယား လက်နက်ဆိုင်ရာ လက်တွေ့လိုက်နာ ကျင့်သုံးဖို့ ညှိနှိုင်းဆောင်ရွက်နေသလို ၂၀၁၄ ခုနှစ်မှာလည်း ဇီဝလက်နက် အသုံးပြုမှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ် Biological Weapons Convention ကိုလည်း လက်တွေ့လိုက်နာ ကျင့်သုံးဖို့ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဝင် နိုင်ငံတခုလည်း ဖြစ်ပါတယ်။

အင်္ဂါနေ့က အဖွဲ့ဝင် အဖြစ် ဓာတုလက်နက် အသုံးပြုမှု တားဆီးရေး နိုင်ငံတကာ သဘောတူညီချက်ကို လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ကုလ ဓာတု လက်နက်က တားမြစ်ရေး OPCW ရဲ့ အဖွဲ့ဝင် ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG