သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ်ရေဘေး သမ္မတ သတိပေး


သမ္မတဦးသိန်းစိန် ရေဘေးဒုက္ခသည်များကို တွေ့ဆုံအားပေး။ သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန။
သမ္မတဦးသိန်းစိန် ရေဘေးဒုက္ခသည်များကို တွေ့ဆုံအားပေး။ သတင်းဓာတ်ပုံ ပြန်ကြားရေးဝန်ကြီးဌာန။

ဧရာဝတီတိုင်း အတွင်း ဟင်္သာတနဲ့ ညောင်တုန်းမြို့နယ်တွေ မှာ ရေကြီးမယ့် အခြေအနေ စိုးရိမ်နေရပြီး ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ခွာကြဖို့ သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ ငဝန်မြစ်နဲ့ ဧရာဝတီမြစ်ရေတွေဟာ စိုးရိမ်ရေ အမှတ်ကျော်သွားပြီဖြစ်တာကြောင့်မြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရမယ့် ရေဘေးဒုက္ခ အခြေအနေကို လည်း မနေ့က အစိုးရပိုင်ရေဒီယိုကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ သမ္မတက ပြောသွားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဇူလိုင်လအတွင်း မုတ်သုန်မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး မကြုံစဖူး ရေဘေးဒုက္ခရောက်ခဲ့ကြပြီး အထူးသဖြင့် အထက်ကနေ အောက်ပိုင်းကို စီးဆင်းလာတဲ့ မြစ်ရေတွေကြောင့်လည်း အခုဆိုရင် ဒုတိယ အကြိမ် ရေကြီးမယ့်ဘေးအန္တရာယ် အဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

ဒေသခံပြည်သူတွေ ရေဘေးအန္တရာယ်ကနေ လွတ်မြောက်နိုင်ရေး ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေထိုင်ကြဖို့ မနေ့က အစိုးရ သတင်းဌာနက ထုတ်လွှင့် တဲ့ ရေဒီယို မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က သတိပေးပြောကြား သွားပါတယ်။

“ဧရာဝတီတိုင်းအတွင်းရှိ ငဝန်မြစ်ရေနဲ့ ဧရာဝတီမြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာနေတဲ့အတွက် အထူးသဖြင့် ဟင်္သာတမြို့နဲ့ညောင်တုန်း မြို့တို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေ ပါတယ်။ သဘာဝဘေး အန္တရာယ်ဟာ ကျရောက် လာပါက တားဆီးရန် မရနိုင်တဲ့ အတွက်ကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင်ရွေ့ပြောင်းနေ ထိုင်ခြင်းသည်သာ စိတ်အချရဆုံးဖြစ်ပါကြောင်း မိဘပြည်သူများ ကို အသိပေး တိုက်တွန်းအပ် ပါတယ်။ မိဘပြည်သူများ ဘေးကင်းလုံခြုံ ကြပါစေ။”

သမ္မတဦးသိန်းစိန် ရေဘေးကာကွယ်ရေး မိန့်ခွန်းပြော။
သမ္မတဦးသိန်းစိန် ရေဘေးကာကွယ်ရေး မိန့်ခွန်းပြော။

တနိုင်ငံလုံးရေလွှမ်းမိုးမှုကြောင့် ပျက်စီး ဆုံးရှုံးမှု ပမာဏ အမြောက်အများရှိခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် ရေဘေးဒဏ် အဆိုးရွာဆုံးဒေသတွေကိုလည်း အခုလိုပြောကြားသွားပါတယ်။

“ထိခိုက်မှုအခံရဆုံးကတော့ မိုးကောင်းမြို့နယ်၊ကောလင်း ဝင်းသူမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်ရှိမြို့နယ် အများဆုံး ရခိုင်ပြည်နယ်က မြို့နယ်အများစုနဲ့ မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနဲ့ စလင်းမြို့နယ်တို့ဖြစ်ကြပါတယ်။”

မနေ့ကတော့ ကိုမန် ဆိုင်ကလုန် မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ် အဆိုးရွာဆုံးခံရတဲ့ ရခိုင်ပြည်နယ်က ရေဘေးသင့်ဒေသတွေကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က ဗွီအိုအေကိုအခုလိုပြောပါတယ်။

“သမ္မတ လာတဲ့အပိုင်းကိုတော့ အများကြီးကြိုဆို ပါတယ်။ လာပြီး အားပေးတာ။ဒါပေမယ့် ကျွန်တော်တို့ ရေရှည်ပိုင်းအနေနဲ့ ပြောရရင်တော့ ဒီရောက်လာတဲ့ အပိုင်းက ရှင်းရှင်းလင်းလင်းပြောရရင် အရမ်းကိုနောက်ကျနေတဲ့ အပိုင်း ဖြစ်တယ်လို့ သုံးသပ်မိတာပေါ့။ တချို့ကျေးရွာမှာဆိုရင် အခုထိကို ရိက္ခာတွေ မရောက်နိုင်သေးတာတွေရှိနေသေးတယ်လို့ ကျနော်တို့ ကြားသိရတယ်။ ကျနော်တို့ ကယ်ဆယ်ရေးပိုင်းအနေနဲ့ကတော့ ပါတီအနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြို့တွေကိုသွားပြီး ဖြန့်ဝေနေတာတော့ အခုဆိုရင်တော်တော်များများတော့ ဖြစ်ပါပြီ။ ဘက်ပေါင်းစုံကလည်းလာပြီး ကူညီကြတဲ့အတွက်ကြောင့် အခုဆိုရင်တော့ အသက်ဆက်နိုင်တဲ့ စားသောက်မှု၊ အသက်ဆက်နိုင်တဲ့ ရိက္ခာတွေတော့ ရတဲ့သဘောရှိပါတယ်။ ဒါပေမယ့် ရေရှည်အတွက် ကတော့ ပြန်လည် ထူထောင်မှုအတွက်ကတော့ အရမ်းကို ကြောက်စရာကောင်းတဲ့ဘေး ဒုက္ခလို့တော့ပြောရမှာပါဘဲ။ ပြန်လည်ထူထောင်မှုပိုင်းကတော့ အများကြီးကို ကျွန်တော်တို့ လုပ်ကြရဦးမှာဘဲ။ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။”

ဒီအတောအတွင်းမှာဘဲ အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က သူ့ရဲ့ကိုယ်ပိုင် facebook စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယို မိန့်ခွန်းထဲမှာတော့ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဖြစ်ခဲ့တာကို အခွင့်ကောင်းယူပြီးအခုလက်ရှိ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဌာန်းနိုင် ဖို့ အမြတ် ထုတ်သွားသလို အခုရေဘေးပြဿနာကို အကြောင်းပြပြီး နိုဝင်ဘာရွေးကောက်ပွဲမှာ မရိုးမသား လုပ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG