ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့အမှုမှာ အပြစ်ရှိတယ် ဆိုပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် စီရင်ချက် ကို အယူခံဝင်ရာမှာ ကူညီ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးပေါ် သေဒဏ်ချမှတ်ခဲ့တဲ့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့် ခရီးသွား ၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သေဒဏ်အပြစ်ပေးခဲ့တဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ တဦးက ပြောကြားခဲ့ တာပါ။ တနှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့အပေါ် စွပ်စွဲထားတဲ့ အမှု ၇ မှု အတွက် ကောစမွေ တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်စီရင်ချက် ချခဲ့တာဖြစ်ပါတယ်။
ထိုင်းတရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ် ဟာ ပြင်းထန်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။ သေဒဏ် အပြစ်ပေးခံရသူ မြန်မာ လူငယ် ၂ ဦးအမှုအတွက် တပတ်အတွင်းမှာ အယူခံ တင်သွားဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက် ကူညီ လုပ်ဆောင်ပေးသွားမယ်လို့ ဒုဝန်ကြီး ဦးသန့်ကျော်က ပြောပါတယ်။
“ဘာပဲပြောပြော ကျနော်တို့လည်း စိတ်ပူတာပေါ့လေ။ မနက်ကတည်းကလည်း ကျနော်တို့လည်းလေ့လာနေတယ်။ အဲဒါ အခုဒါဖြစ်တဲ့အတွက် ဒါ ကျနော်နည်းနည်းတော့ အံ့သြတာပေါ့လေ။ အဲတော့ ကျနော်တို့က အခုထပ်ပြီးတော့ ညွှန်ကြား ထားတာကတော့ ဒီအယူခံဝင်ဖို့ကိစ္စမှာ ကျနော်တို့ သံရုံးအနေနဲ့ ဒီမှာ ကူညီနေတဲ့အဖွဲ့နဲ့ ထပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ ဒီနေ့လုပ်ထားပြီးပါပြီ။
ဒီပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျနော်တို့က ဆက်ပြီးတော့ လေ့လာနေပြီးတော့ ဒီရှေ့နေများအဖွဲ့နဲ့ပေါ့လေ ဆက်ပြီးတော့ အနီးကပ်ညှိနိုင်းပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး ၇ ရက်အတွင်းမှာ ကျနော်တို့က အယူခံဝင်ဖို့အတွက် ကျနော်တို့က လုပ်နေပါတယ်။ စီရင်ချက်ချတာကတော့ သူတို့ဘက်က ဒါ စီရင်ချက် ချတာ။
ကျနော်တို့ မြန်မာသံရုံးအနေနဲ့ကတော့ သံအမတ်ကြီးကိုလည်း ကျနော်တို့ ဒီဥစ္စာကို ဆက်ပြီးတော့ ကူညီပေးဖို့ အမြန်ဆုံး တပတ်အတွင်းမှာ ကျနော်တို့ အယူခံတင်ဖို့ရယ် ၊ အခုဒီဥစ္စာကို တင်လို့ရှိရင် အဆင့်မြင့်တရားရုံးကိုရောက်မယ်။ ရောက်ရင် လိုအပ်တာတွေ ဆက်ပြီး ပံ့ပိုးပေးဖို့ရယ် ဆက်ပြီး ကူညီပေးဖို့ ကျနော်တို့ လုပ်နေပါတယ်။”
သေဒဏ်ချမှတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး လက်ရှိမြန်မာအစိုးရက ထိရောက်အောင်ဆောင်ရွက်နိုင် လိမ့်မယ်လို့ မျှော်လင့် မိကြောင်း ရွေးကောက်ပွဲအနိုင်ရ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောပါတယ်။
“ပြောရင်တော့ NLD က အစိုးရ လည်းမဟုတ်ဘူးလေ။ ဘာမှ ပါဝင်နိုင်ဖို့ အခွင့်အရေး မရှိသေးပါဘူး။ ကျနော်တို့ လူသားချင်း၊ နိုင်ငံသားအနေနဲ့ ကိုယ်ချင်းစာ ပါတယ်။ အဓိကတာဝန်က နိုင်ငံခြားရေးအောက်က သံရုံးတွေ၊ ယိုးဒယားသံရုံး က သူတို့က ကူညီပေးတယ်ဆိုရင် ထိရောက်မှုရှိပါလိမ့်မယ်။”
ထိုင်းနိုင်ငံ တရားရုံးက မြန်မာအလုပ်သမားနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် ပြည်တွင်း၊ ပြည်ပမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ကန့်ကွက်ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ၈၈မျိုးဆက် အဖွဲ့ကတော့ ဒီအမှုကိစ္စကို မှန်မှန်ကန်ကန် စိစစ်ဆောင်ရွက်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ စာရေးသား တောင်းဆိုကြောင်း ၈၈မျိုးဆက် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကပြောပါတယ်။
“ ကျနော်တို့က တရားမျှတမှုကို တောင်းဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ နိုင်ငံသားတွေဟာ ပြည်တွင်းမှာပဲဖြစ်ဖြစ် ပြည်ပမှာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာရှိရှိ တရားမျှမျှတတ ဆက်ဆံခံရဖို့ အရေးကြီးတယ်။ အခု ဒီအမှုမှာက ကျနော်တို့ DNA ကိုက်ညီမှု မရှိဘူး။
သက်သေ အထောက်အထားတွေနဲ့ ပတ်သက်လို့လည်း အငြင်းပွားစရာ၊ အားနည်းချက်တွေ အများကြီး ရှိနေတဲ့ အခြေအနေမျိုးမှာ အခုလို သေဒဏ်ချလိုက်တဲ့ ဆိုတဲ့ဟာကို ကျနော်တို့ တော်တော်များများ က စိတ်မကောင်းဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အမှုမှန်အတိုင်း မျှမျှတတ တရားစီရင်ရေးတွေ ကျနော်တို့က ဖြစ်စေချင်တယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။
၂၀၁၄ ခုနှစ် စက်တင်ဘာလ ကုန်ပိုင်းမှာ လူသတ်မူနဲ့ တရားစွဲဆိုခံ ခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကေသေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။