သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်မှုအပေါ် ANP ပါတီရှေ့လမ်းစဉ်မူတည်


ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်စတင်ကျင်းပစဉ်။ (Shwe Myitmakha Media Group) ဖေဖေါ်ဝါရီ ၈ ရက်
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်စတင်ကျင်းပစဉ်။ (Shwe Myitmakha Media Group) ဖေဖေါ်ဝါရီ ၈ ရက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ဆွေးနွေးညှိုနှိုင်းလို့မရရင် ရခိုင်အမျိုးသား ပါတီ ANP အနေနဲ့ NLD ရဲ့အတိုက်အခံအဖြစ်ရပ်တည်သွားဖို့ ပါတီအနေနဲ့ဆုံးဖြတ် ထားကြောင်း ANP ဗဟိုအလုပ်အမှုဆောင်ဝင်တဦးက ပြောပါတယ်။ ရခိုင်မှာ မဲအများဆုံးရထားတဲ့ပါတီအနေနဲ့ ဝန်ကြီးချုပ်နေရာကို လိုချင်နေပေမဲ့လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခက်အခဲစိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံ ကိုပြောပြ မှာပါ။

မနေ့က ဒုတိယအကြိမ် ပြည်နယ်နဲ့တိုင်း လွှတ်တော်အစည်းအဝေးတွေ စတင်ကျင်းပရာမှာ ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌနေရာတွေအတွက် ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲအများဆုံးရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးစံကျော်လှနဲ့ ဦးဖိုးမင်းတို့ကို လွှတ်တော်မှာကန့်ကွက်သူမရှိ ရွေးချယ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မတ်လအကုန်ပိုင်းလောက် ပြည်နယ်အစိုးရဖွဲ့စည်းချိန်မှာ ဝန်ကြီးချုပ်နေရာကိုလည်း ANP ကပဲအဆိုပြုခန့်အပ်နိုင်ဖို့ ပါတီအနေနဲ့လိုလားနေပေမဲ့ အခုချိန်ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့အနိုင်ရခဲ့တဲ့ပါတီကြီးဖြစ်တဲ့ NLD ဘက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးပြောဆိုတာမျိုးမလုပ်သေးတဲ့အပေါ် ANP ခေါင်းဆောင်တချိုက အားမလိုအားမရဖြစ်နေကြတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေက ပြုလုပ်ခဲ့တဲ့ ANPပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအရ ဇန်နဝါရီလမှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အတိုင်း ဝန်ကြီးချုပ်နေရာကို ANP ဘက်ကမရဘူးဆိုရင် အတိုက်အခံအဖြစ်ရပ်တည်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ် ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ဗွီအိုအေကိုပြောပါတယ်။

“ပြီးခဲ့တဲ့စနေ၊ တနင်္ဂနွေနေ့က ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်) အစည်းအဝေးရှိတယ်လေ။ အဲဒီမှာဆွေးနွေးဆုံးဖြတ်တာတွေရှိတယ်။ ပါတီကထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ခုနှစ် သဘောထားကြေညာချက်အတိုင်း ရပ်တည်သွားမယ်လို့ ပြောပါတယ်။”

ဒီကြေညာချက်အတိုင်း အတိုက်အခံအဖြစ်ရပ်တည်မယ့် သဘောထားကို ပါတီအနေနဲ့ ပြန်ပြီး သုံးသပ်သင့်တယ်လို့ မြင်ကြောင်း ဦးဘရှင်က အခုလိုပြောပါတယ်။

“သဘောထားကတော့ အတိုက်အခံလုပ်မယ်ဆိုပြီး ကြေညာချက်ထုတ်တာပဲ။ ANP ရဲ့သဘောထားကြေညာချက်မှာက ပြည်နယ်အစိုးရအဆင့်မှာတောင်မဟုတ်ဘူး၊ ပြည်ထောင်စုအစိုးရအဆင့်နဲ့တောင်မှ ပူးပေါင်းဆောင်ရွက်မှုမလုပ်ဘူးဆိုတဲ့ ၁/၂၀၁၆ ကြေညာချက်မှာပါတယ်လေ။ အဲဒီကြေညာချက်ကို နဲနဲလေပြန်စဉ်းစားဖို့လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုတည်ဆောက်နေကြတဲ့အချိန်၊ တိုင်းရင်းသားအားလုံး နိုင်ငံရေးအရတန်းတူရည်တူရှိတဲ့ ပြည်ထောင်စုနိုင်ငံကိုတည်ဆောက်မယ်ဆိုပြီးတော့ ဗမာခေါင်းဆောင်တွေရော၊ အခြားတိုင်းရင်းသားခေါင်းဆောင်တွေပါ။ အဲတော့အချင်းချင်းယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လိုတည်ဆောက်မလဲ။”

ဒါအပြင် ANP ပါတီအနေနဲ့ ပြည်နယ်အစိုးရနဲ့ဝန်ကြီးချုပ်ခန့်အပ်ဖွဲ့စည်းဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးဘရှင်ကဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရှိတယ်။ ဥပဒေကို ကျနော်တို့အသိအမှတ်မပြုလို့မရဘူး။ ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်အမျိုးသားပါတီက မဲအများဆုံးရတာမှန်တယ်။ ဒါပေမဲ့ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်သည် သမ္မတကိုတာဝန်ခံရမယ်ဆိုတော့ သမ္မတက ကိုယ့်ကိုတာဝန်ခံမယ့်သူကို ကိုယ်ကြိုက်တဲ့သူခံမှာပေါ့။ ကိုယ်ကြိုက်တဲ့သူကိုရွေးမှာပေါ့။ ဒါကလည်း ဥပဒေက ရှိနေတာပဲ။ ကိုယ်ကအများစုအနိုင်ရတယ်ဆိုပြီးတော့ ဥပဒေကိုလေးစားလိုက်နာဖို့မလိုဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဥပဒေမရှိတဲ့အခါမှာ ဘယ်ဥပဒေတွေနဲ့ ယုံကြည်မှုတည်ဆောက်ကြမလဲ။”

Rakhine Parliament
Rakhine Parliament

တနင်္လာနေ့ကစတင်တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်မှာ ANP လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦးရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ် (၉)ဦး၊ ကြံခိုင်ဖွံဖြိုးရေးပါတီကိုယ်စားလှယ် (၃) ဦး၊ စစ်တပ်ကိုယ်စားလှယ် (၁၂)ဦး စုစုပေါင်း ၄၄ ဦးရှိနေပါတယ်။

အလားတူ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ ဥက္ကဌအဖြစ် ကြံခိုင်ဖွံဖြိုးရေးပါတီကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ စစ်တပ်ကိုယ်စားလှယ် ၃၅ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၃၀ ကျော်ထဲမှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီက ၃၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၂၄ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ဦးနဲ့ အခြားတိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၉)ဦးတို့ပါဝင်ပါတယ်။

အခြားပြည်နယ်နဲ့တိုင်း (၁၂)ခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်နေရာအများစုရရှိထားပါတယ်။

XS
SM
MD
LG