သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pat Jasan တိုက်ခိုက် ခံရမှု မြစ်ကြီးနား မြို့ပေါ် ဆန္ဒပြ


 ဒေသခံ ကချင်လူမျိုးတွေက ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြမှု။ Photo Credit to Jade Land Kachin.
ဒေသခံ ကချင်လူမျိုးတွေက ကချင်ပြည်နယ် ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြမှု။ Photo Credit to Jade Land Kachin.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်း ဘိန်းခင်းဖျက်ဖို့ သွားရောက်ခဲ့တဲ့ Pat Jasan ခေါ် လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံ ရမှုဖြစ်ပြီး၊ မြစ်ကြီးနားဆေးရုံပေါ်ကို အနည်းဆုံး ဒဏ်ရာရသူ ၃၀ ရောက်ရှိ လာရာမှာ နှစ်ဦး သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ တချိန်တည်းမှာပဲ မြစ်ကြီးနားမြို့ပေါ်မှာ ဒေသခံကချင်လူမျိုးတွေက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ကချင်လူထုနဲ့အာဏာပိုင်တွေကြား ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ PCG ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်ကို ဗွီအိုအေ သတင်းထောက် မမေခ မကြာသေးခင်ကပဲ ဆက်သွယ်မေးမြန်း ထားပါတယ်။

ဦးဆန်းအောင်။ ။ သေတာတော့ ကျနော် မသိသေးဘူး။ အခု ဒဏ်ရာ ရတာတော့ လူသုံးဆယ်ကျော်လောက်ရှိတယ်။ ဆေးရုံမှာ ရော်ကနေတာ သုံးဆယ်ကျော်လောက်ရှိတယ်။

မေခ။ ။ Kachin Land FB မှာ တက်လာတာ နှစ်ယောက်သေ သွားတယ် လို့ ပြောနေလို့ပါရှင့်။

ဦးဆန်းအောင်။ ။ ခုနက သေမလို ဖြစ်တဲ့ဟာက အဲ့ဒီ့ထဲက မဟုတ်ပဲနဲ့။ အခု နောက်ရောက်လာတဲ့ဟာထဲက မဟုတ်ရင်တော့ သေမလိုဖြစ်တာ မပါဘူး။ အဲ့ဒီ့မှာ သေမလိုဖြစ်တဲ့တယောက်ကတော့ တရားခံပေါ့နော်။ တရုတ်ပြည်က တရုတ် ဘိန်းစိုက်နေတဲ့သူ၊ ပြီးတော့ အဲ့ PJS အဖွဲ့တွေကို မိုင်းခွဲတဲ့သူ၊ သူ့မိုင်းနဲ့သူ ထိတာ။ အဲ့တယောက်ကတော့ သေမလိုဖြစ်နေတာ။ အခုနက အောက်ဆီဂျင်နဲ့ အသက်ရှုနေတာတွေ့တယ်။ မြစ်ကြီးနားဆေးရုံမှာပဲ။ အတူတူပဲ။ သူက တရုတ်နိုင်ငံသားလို့ပြောတယ်။ ဘာစကားမှာလည်း မတတ်ဘူး။ ကချင်စကားလည်း မတတ်ဘူး။ ဗမာစကားလည်း မတတ်ဘူး။

မေခ။ ။ အဲ့ဒီ့လူနဲ့က ဘယ်မှာ ထိတွေ့မှုဖြစ်တာလဲ။ ဥပမာ သူက အဲ့ဒီ့ဗုံးကို ဘယ်မှာ ထောင်တာလဲ။

ဦးဆန်းအောင်။ ။ အနီးကပ်ပစ်တဲ့အခါကျတော့ သူက ထိသွားတာ။ အများကြီး ထိသွားတဲ့သဘောရှိတယ်။ ကန်ပိုင်တီနားမှာပေါ့။ ဝမ်မောဆိုတဲ့ရွာပေါ့ အဲ့ဒီ့ကန်ပိုင်တီနား လမ်းဘေးဝဲယာက အားလုံး ဘိန်းခင်းတွေချည်းပဲ။

မေခ။ ။ အခုသတင်းတွေကြားနေရတာက ဦးဆခုန်တိုန်ယင်းရဲ့ အိမ်ကို ဝိုင်းမယ်ဆိုပြီးတော့ သတင်းတွေ ကြားနေတယ်။ မြစ်ကြီးနား ရဲစခန်း ရှေ့မှာ လူတွေ ဆန္ဒပြနေတယ်လို့ ပြောနေတယ်ရှင့်။ အဲ့တာရော ဟုတ်ပါ့သလား။

ဦးဆန်းအောင်။ ။ ခုနက ကျနော် ဆေးရုံရှေ့ကိုရောက်တော့ ဆန္ဒပြပြီး အော်နေတာတော့ တွေ့တယ်။ တော်တော်လေး အော်နေကြတယ်။ လူတွေက ထောင်ဂဏန်းလောက်ဖြစ်နေတယ်။ ဒီနေ့ ဝန်ကြီးချုပ် အိမ်မှာ သွားမယ်။ ပြီးရင် ပြန်မယ်ဆိုတာလောက်ပဲ ကျနော် သိတယ်။ ရဲစခန်းကို ဝိုင်းပြီး ဆန္ဒဖော်ထုတ်တယ်ဆိုတာတော့ မသိဘူး။

မေခ။ ။ အခု လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ အန်ကယ်လ်တို့ဘက်က ဘာတွေများ လုပ်ဖို့ အစီအစဉ်များ ရှိပါသလဲရှင့်။

ဦးဆန်းအောင်။ ။ ကျနော်တို့ အဖွဲ့ကတော့ တကွဲတပြားဆို မကောင်းဘူးလေ။ ကျနော်တို့အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့ ပြည်နယ် ရဲတပ်ဖွဲ့မှုးနဲ့ Pa Jasan အဖွဲ့တွေနဲ့ ညှိနှိုင်းပေးတာမျိုးတွေတော့ ရှိတယ်။

မေခ။ ။ ဒါဆိုရင် အခုလက်ရှိ Pa Jasan အဖွဲ့က သေတာမရှိဘူးနော်။

ဦးဆန်းအောင်။ ။ မရှိလောက်သေးဘူးခင်ဗျ။ ကျနော် ခုနက ဆေးရုံရောက်တဲ့ အချိန်မှာ လူက အယောက်သုံးဆယ်ရောက်တယ်။ နောက်မှ ကိုးဦး လိုက်လာတယ်ပြောတယ်။ အဲ့ဒီ့ကိုးဦးအခြေအနေ ဘယ်လိုရှိသလဲဆိုတာတော့ ကျနော် မသိရသေးဘူး။

မေခ။ ။ ဒါဆို အခုရောက်နေတဲ့လူသုံးဆယ်ထဲမှာရော အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါလားရှင့်။

ဦးဆန်းအောင်။ ။ အဲ့ဒီ့အယောက် ၃၀ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတာတော့ မပါဘူးခင်ဗျ။ အဲ့ဒီ့သုံးဆယ်ထဲမှာ ကိုယ်တိုင် မိုင်းဆွဲတဲ့ ဘိန်းခင်းပိုင်ရှင် တယောက်ပါလာတာ အဲဒီ့သူတယောက်ကတော့ နည်းနည်းစိုးရိမ်စရာဖြစ်တယ်။ သူ့ဒဏ်ရာတွေကတော့ မိုင်းက ထိတဲ့ဒဏ်ရာတွေရှိသလို တချို့ကျတော့ သေနတ်နဲ့ နယ်ခြားစောင့်တပ်က ဝိုင်းထားပြီးမှ တုတ်နဲ့ ရိုက်ခံရတဲ့သူတွေရှိတယ်။ တချို့က သေနတ်နဲ့ အပစ်ခံရတာတွေရှိတယ်။ တချို့က ဓားနဲ့ အခုတ်ခံရတာရှိတယ်။

ကချင်လူထုနဲ့အာဏာပိုင်တွေကြား ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ PCG ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးဆန်းအောင်ကို ဗွီအိုအေ သတင်းထောက် မမေခ ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။

XS
SM
MD
LG