သုံးရလွယ်ကူစေသည့် Link များ

ဖုန်းမော်နေ့ ၂၈ နှစ်ပြည့်ပြီ

  • ဗွီအိုအေ (မြန်မာဌာန)

ကိုဖုန်းမော်ကျဆုံးခြင်း ၂၈ နှစ်ပြည့်အခမ်းအနားကျင်းပရာ ဘုန်းကြီးကျောင်းမြင်ကွင်း။ မတ် ၁၃၊ ၂၀၁၆။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်မှာ ကျဆုံးခဲ့ကြတဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ ကိုအောင်မွန်၊ ဦးစိန်အေးတို့ အပါအ၀င် ရဟန်းရှင်လူ ပြည်သူတွေ အတွက် ၂၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အဖြစ် ရန်ကုန် စက်မှု တက္ကသိုလ်အနီး အရှေ့ကြို့ကုန် ဗြူးကုန်းတောရ စာသင် တိုက်မှာ ဒီကနေ့ ဆွမ်းကပ်ကြပါတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လ အရေးအခင်း မှတ်တမ်းတွေနဲ့ အထောက်အထား ဓာတ်ပုံတွေကိုလည်း ပြသကြပါတယ်

လက်ရှိ အစိုးရအနေနဲ့ ဖမ်းဆီးခံ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ကိုလည်း နှစ်ပတ်လည် အခမ်းအနားကျင်းပရေး ကော်မတီက ထုတ်ပြန် တဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ဆန္ဒပြ ကျောင်းသား ပြည်သူတွေကို ဖမ်းဆီးနေတာတွေကိုလည်း ရှုတ်ချ ပြောဆိုပါတယ်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၂၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်း သားဟောင်းများ အဖွဲ့ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက် ကိုဖုန်းမော် ကျဆုံး ပြီးနောက်ပိုင်း သယ်ဆောင်ခဲ့ကြတဲ့ ၈၈၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်သူ့ အာဏာ တည်မြဲရေးအတွက် စွန့်လွှတ် အနစ်နာခံခဲ့ကြသူတွေအားလုံးကို ဦးညွတ်ပါကြောင်း နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့ရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ညက စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ အရပ်သားတချို့ကြား ပဋိပက္ခကို အစိုးရ လုံထိန်းရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်း တာမှာ စက်မှုတက္ကသိုလ် ကျောင်းသားတချို့ သေဆုံးခဲ့ရတာပါ။ မတ်လ ၁၃ ရက်နေ့ ပဋိပက္ခအပေါ် အစိုးရဘက်က စုံစမ်းစစ်ဆေးပေးဖို့နဲ့ သေဆုံးခဲ့ရ တဲ့ ကျောင်းသားတွေရဲ့ ဈာပဏ ကျင်းပနိုင်ရေး အတွက် ကျောင်းသားတွေက ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ တောင်းဆိုကြတာမှာလည်း အာဏာပိုင်တွေဘက်က အင်အားသုံး နှိမ်နင်းတာကြောင့် သွေးထွက်သံယို ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့ မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG