သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနှင့် ဒုတိယသမ္မတ (၂)ဦး ကို လွှတ်တော်မှာ လျှိုဝှက်မဲပေးစနစ်နဲ့ရွေးချယ်မည်


ဒုသမ္မတသုံးဦး- ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေ
ဒုသမ္မတသုံးဦး- ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေ

ဒီကနေ့ အင်္ဂါနေ့မှာ ပြည်ထောင်စုလွှတ်တော်ကနေ ဒုသမ္မတ သုံးဦးထဲက တဦးကို သမ္မတအဖြစ် လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်မှာဖြစ်ပါတယ်။ အနိုင်ရပါတီ NLD ကတင်မြှောက်တဲ့ ဒုသမ္မတနှစ်ဦးထဲက ဦးထင်ကျော်ဟာ သမ္မတအဖြစ် မဲအများဆုံးရဖို့ သေချာသလောက်ရှိနေတာကြောင့် နှစ်ပေါင်း (၅၀)ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံး အရပ်သားစစ်စစ် သမ္မတဖြစ်လာမှာပါ။ကျန်ဒုသမ္မတနှစ်ဦးထဲက ဒုတိယမဲအများဆုံးရသူဟာ ဒုသမ္မတ (၁) နဲ့ တတိယအများဆုံးရသူက ဒုသမ္မတ (၂) အဖြစ်ရွေးချယ်ခံရမှာဖြစ်ပါတယ်။

ပထမဆုံးအရပ်သားသမ္မတ ဖြစ်လာမယ့်သူကို ရွေးချယ်မယ့် လွှတ်တော်ရဲ့ လျှို့ဝှက်မဲပေးစနစ်ပုံစံကို ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညိုက သူ့ရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

၂၀၁၀ တုန်းက သမ္မတဦးသိန်းစိန်ကို ရွေးချယ်တင်မြှောက်ခဲ့တဲ့ပုံက ဘယ်လိုမျိုးမဲပေးရွေးချယ်ခဲ့တယ်ဆိုတာ ကျနော်သေချာမသိပါဘူး။ သို့သော်လည်းပဲ ကျနော်သိရသလောက်ကတော့ လျှို့ဝှက်မဲပေးတဲ့ပုံလို့ပဲသိရတယ်။ ကျနော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ကျနော်တို့မဲပေးခဲ့စဉ်တုန်းကတော့ ကျနော်တို့ကတော့ တတန်းပြီးတတန်းထွက်ပြီးပေးကြတာ။ မဲပေးတဲ့အခါမှာလည်း ရှေ့မှာ လွတ်လွတ်လပ်လပ် လျှို့ဝှက်စွာမဲပေးခွင့်ရတဲ့အတွက် မဲပေးတဲ့သူတယောက်နဲ့တယောက်ကြားမှာ အကန့်တွေ ကန့်ထားတဲ့အတွက် မဲပေးတဲ့နေရာမှာ ဘယ်သူဘယ်ဝါကိုမဲပေးတဲ့ဆိုတာမသိရပါဘူး။ ပြီးတော့ မဲပုံးထဲကိုသွားပြီးထည့်လိုက်တာပါ။ ကြိုတင်ညှိုနှိုင်းတာမျိုးတွေရှိကောင်းရှိနိုင်ပေမဲ့ ဘယ်မဲကိုပေးသလဲဆိုတာလုံးဝမသိနိုင်ပါဘူး။

ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၆၆၄)ယောက်ထဲမှာ တပ်မတော်က (၁၁၆)ယောက်နဲ့ ကြံခိုင်ဖွံဖြိုးရေးက (၄၁)ယောက် ပေါင်းရင် (၂၀၇)ယောက်ရှိနေပြီး NLD လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းက (၃၉၀) ယောက်ရှိနေတာပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်ထားတဲ့ သမ္မတလောင်းတယောက်ကိုပဲ NLD ဘက်က မဲအကုန်ပေးမယ်ဆိုရင် အဲဒီသူဟာ သမ္မတ အဖြစ်တင်မြှောက်ခံရဖို့ ကျိမ်းသေသွားပြီလို့ NLD ဗဟိုသုတေသနလမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

ကျနော်တို့ပါတီအနေနဲ့ ဒုတိယသမ္မတ နှစ်ယောက်ထဲက တယောက်ကိုပဲ ပုံအောမဲပေးလိုက်မယ်ဆိုရင် အဲဒီသူက သမ္မတဖြစ်မှာသေချာတယ်။ တပ်မတော်ဘက်က ဦးမြင့်ဆွေကိုမဲပေးတယ်ဆိုလို့ရှိရင် ကျနော်တို့ပါတီက ဒုတိယသမ္မတတယောက်က ဒုသမ္မတ (၂)ဖြစ်သွားပါလိမ့်မယ်။ ဒုသမ္မတ (၁) ဖြစ်စေ၊ (၂) ဖြစ်စေ အရေးမကြီးဘူး။ လုပ်ပိုင်ခွင့်တွေက အတူတူပဲ။

ဒါပေမဲ့ သမ္မတ တခုခုဖြစ်ခဲ့လို့ အဲဒီနေရာမှာ အစားထိုးတာဝန်ယူရမယ်ဆိုရင် ဒုသမ္မတ (၁)က သမ္မတဖြစ်လာဖို့ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အချက်ကို ကိုမျိုးရန်နောင်သိမ်းက အခုလိုရှင်းပြပါတယ်။

အကယ်၍ သမ္မတက တခုခုဖြစ်ခဲ့လို့ ဒုသမ္မတ (၁)က သမ္မတဖြစ်မယ် ဆိုရင် နှစ်ပတ်ပဲကြာမှာဗျ။ ဒီနှစ်ပတ်အတွင်း မှာ ပြည်ထောင်စု လွှတ်တော်ခေါ်ပြီး တော့မှ သမ္မတကိုပြန်ရွေးရမှာ။ အဲဒီအခါမှာ ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့အဖွဲ့ချုပ်က အများစုရှိနေတော့ ကျနော်တို့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကပဲ သမ္မတ တယောက်ကိုပြန်ရွေးလို့ရပါတယ်။ ဒါကြောင့် ကျနော်တို့ရွေးလိုက်တဲ့သမ္မတက တခုခုဖြစ်ခဲ့လို့ ဦးမြင့်ဆွေက ဒုသမ္မတ (၁)အဖြစ်အရွေးခံရလို့ သူက သမ္မတဖြစ်ခဲ့ရင်လည်း နှစ်ပတ်ပါပဲ။ နှစ်ပတ်ထက်ပိုပြီး သမ္မတဖြစ်ခွင့်မရှိပါဘူး။ တယောက်ယောက်ကို ကျနော်တို့ သမ္မတအဖြစ်ပြန်ရွေးရမှာပါ။

ဒုသမ္မတတွေရဲ့အရည်အချင်းပြည့်မှီမှုရှိမရှိစိစစ်ရာမှာ လွှတ်တော်သမ္မတလောင်းရွေးချယ် စိစစ်ရေးအဖွဲ့ဝင် (၇)ဦးအနက် စစ်တပ်ကိုယ်စားလှယ် က NLD ကရွေးချယ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ နှစ်ဦးကို ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်မဲ တမဲနဲ့ အတည်ပြုခဲ့ပေမဲ့ စစ်တပ်ကတင်တဲ့ ဦးမြင့်ဆွေကို ကန့်ကွက်မဲမရှိ (၇)မဲနဲ့အတည်ပြုခဲ့တာပါ။

အခုလို NLD ကမကန့်ကွက်ဘဲ ထောက်ခံတဲ့အပေါ် နားလည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD လွှတ်တော်အမတ်တွေနဲ့ မနေ့ကတွေ့ဆုံရာမှာပြောကြားသွားခဲ့ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဘက်က အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ကိုမျိုးရန်နောင်သိမ်းကပြောပါတယ်။

အခု ဦးမြင့်ဆွေကိစ္စမှာ အပြစ်အနာအဆာတွေရှိနေပေမဲ့ ကျိုးကြောင်းသင့် လက်ခံလို့ရတဲ့အတွက် မကန့်ကွက်ပဲ NLD ကလက်ခံလိုက်တာပါ။ ဦးမြင့်ဆွေကိစ္စဟာ လုံးဝစင်းလုံးချောမဟုတ်ပေမဲ့ အဖွဲ့ချုပ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးလက်ခံပေးလိုက်တယ်လို့ပဲ ကျနော် ဖြေပါရစေ။”

အခုလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က ပူးပေါင်းဆောင်ရွက်လိုစိတ်ကိုလက်တွေ့ပြသနေပေမဲ့ တပ်မတော်ဘက်က ဘယ်လောက်အထိပါဝင်ဆောင်ရွက်လာမလဲဆိုတာကိုတော့ ပြည်သူအများက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

XS
SM
MD
LG