ဒီကနေ့ အင်္ဂါနေ့မှာ NLD အစိုးရအဖွဲ့သစ်မှာပါဝင် မယ့် ပြည်ထောင်စုဝန်ကြီး အမည်စုစုပေါင်း (၁၈)ဦးရဲ့ အမည်စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတော့မှာဖြစ်ပါတယ်။ ကာကွယ်ရေး၊ နယ်စပ်ရေး ရာနဲ့ ပြည်ထဲရေး တွေပါဝင်တဲ့ ၀န်ကြီးဌာနစုစုပေါင်း (၂၁) ဌာနအတွက် ၀န်ကြီးဦးရေ (၁၈)ဦးပဲ သတ်မှတ်ထားတာဖြစ်ပါတယ်။
အစိုးရနဲ့ ပါတီ နှစ်ရပ်လုံး ပူးတွဲ ဦးဆောင်မယ်လို့ပြောကြားထားတဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၀န်ကြီးနေရာယူဖို့ အလားအလာရှိတယ် ဆိုတဲ့ နေပြည်တော်ကလာတဲ့ သတင်းတွေထွက်နေပေမဲ့ NLD ကအတည်ပြုပြောကြားခြင်းမရှိခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တရားဝင် တာဝန်ယူမယ့် အခန်းကဏ္ဍကို အများပြည်သူ စိတ်ဝင်စားနေကြတာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
ဒီကနေ့ မနက် (၁၀)နာရီမှာကျင်းပမယ့် ပြည်ထောင်စုလွှတ်ေ တ်ာအစည်းအဝေး မှာ ရွေးကောက်ခံသမ္မတ ဦးထင်ကျော်တင်သွင်းထားတဲ့ NLD အစိုးရအဖွဲ့သစ်မှာ ပါဝင်မယ့် ပြည်ထောင်စုဝန်ကြီးအမည်စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အစီရင်ခံတင်ပြတော့မှာပါ။
မတ်လ (၂၁)နေ့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန (၂၁)ဌာနနဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ (၁၈)ဦးသတ်မှတ်ခြင်းကို လွှတ်တော်ကနေ အတည်ပြုကြောင်း ဖေါ်ပြထားပါတယ်။
အခုလို ၀န်ကြီးဌာနစုစုပေါင်း (၂၁)ဌာနမှာ ၀န်ကြီးဦးရေ (၁၈)ဦးပဲရှိမှာနဲ့ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဇော်မြင့်မောင်ကို သတင်းထောက်တွေက မေးမြန်းရာမှာ သူကအခုလိုပြောပါတယ်။
“အဲဒီအချက်က ရှင်းနေတာပဲ။ တခုရှိတာက မနေ့ကပြောထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ခေါင်းဆောင်ဖြစ်တယ်၊ အဲတော့ ပါတီမှာလည်း သူကခေါင်းဆောင်ဖြစ်နေမှာပဲ။ NLD ကဖွဲ့တဲ့ အစိုးရမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တဲ့နေရာကရှိနေမှာပဲ။ အရေးကြီးတာက ကာလုံဆိုတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနကြီးကလည်း ရှိနေသေးတယ်။ ဒါ စဉ်းစားဖို့ပဲ။”
NLD အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန (၂၁)ဌာနနဲ့ ၀န်ကြီးဦးရေ (၁၈)ဦးပဲ သတ်မှတ်ထားတာကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က အတည်ပြုခဲ့တာပါ။ ၀န်ကြီး (၁၈)ဦးရဲ့စာရင်းမှာ သမ္မတ ဦးထင်ကျော်က ရွေးချယ်ထားတဲ့ ၀န်ကြီး (၁၅)ဦးအပါအ၀င် ကာကွယ်ရေးဦးစီးချုပ်ကအဆိုပြုတာကို သမ္မတက သဘောတူထားတဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေး ၀န်ကြီး (၃)ဦး ပါဝင်ပါတယ်။ ကြိုတင်ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီဝန်ကြီး (၃)ဦး အမည်စာရင်းနဲ့ပတ်သက်လို့ စစ်သံမှူးဟောင်းဖြစ်တဲ့ ဦးအောင်လင်းထွဋ်က ဗွီအိုအေကိုအခုလိုပြောပါတယ်။
“လက်ရှိကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းပဲ ပြန်ပြီးတော့နာမည်ပေါက်တယ်လို့ကြားရပါတယ်။ သူနဲ့တော့ ကျနော်တွေ့ဆုံခဲ့ဘူးခြင်းမရှိဘူး။ ဒါပေမဲ့ ကျနော်ကြားသိရတဲ့သတင်းတွေအရတော့ ၀န်ကြီးဖြစ်မယ့် ဗိုလ်ချုပ်ကြီးဟာ အင်မတန်မှ စိတ်ရင်းစေတနာကောင်းတယ်လို့ သိရပါတယ်။ သူ့ရဲ့ လေကြောင်းရန်ကာကွယ်ရေးမှာလည်း နာမည်ရတဲ့ ဗိုလ်ချုပ်ကြီးတယောက်ဖြစ်ပါတယ်။ နောက်တယောက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေပါ။ ပြည်ထဲရေးဝန်ကြီးအဖြစ်သတင်းထွက်နေသူပါ။ သူကတော့ ကျနော်တို့နဲ့ စစ်တက္ကသိုလ်တက်စဉ်ကတည်းက နှစ်နှစ်လောက် အတူနေခဲ့ဘူးပါတယ်။ DSA အပတ်စဉ် (၂၂)ကပါ။ ကျနော် ထောက်လှမ်းရေးသင်တန်းကျောင်းမှာ ကျောင်းဆရာလုပ်စဉ်တုန်းကလည်း သူနဲ့ ကျနော်ဆုံခဲ့ဘူးပါတယ်ခင်ဗျ။ ဒီပုဂ္ဂိုလ်တွေကတော့ လူကောင်းတွေ၊ လူတော်တွေလို့ပဲပြောရမှာပေါ့လေ။ နောက်တယောက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်။ သူက နယ်စပ်ရေးရာဝန်ကြီး အဖြစ်သတင်းထွက်နေတာပါ။ သူကတော့ DSA အပတ်စဉ် (၂၃)ပါ။ ကျောင်းမှာတော့ တနှစ်လောက်တော့ မှီလိုက်ပါတယ်။ ကျနော့်သူငယ်ချင်းတွေပြောပြချက်အရတော့ ဒီသုံးယောက်လုံးက လူကောင်းတွေပါ။ နောက် သမ္မတဦးထင်ကျော်နဲ့ တွဲပြီးအလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေပါ။ သို့သော် တပ်မတော်က ဗိုလ်ချုပ်ကြီးတွေဖြစ်နေတော့ သူတို့သည် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွန်ချက်အတိုင်းပဲ လုပ်ဖို့များပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်ပေါ်မှာ တိုင်တိုင်ပင်ပင်လုပ်သွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
ပြည်ထောင်စုလွှတ်တော်က အတည်ပြုမယ့် ပြည်ထောင်စုဝန်ကြီး(၁၈)ဦးဟာ သမ္မတ၊ ဒုသမ္မတ (၂)ဦးတို့နဲ့အတူ မတ်လ (၃၀)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုကြရမှာဖြစ်ပြီး ဧပြီလ(၁)ရက်နေ့မှာ အစိုးရအဖွဲ့သစ် စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။