စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတွေကိုရည်ညွှန်းပြီး သူရဦးရွှေမန်းက လူမှုမီဒီယာကွန်ယက်ကနေ ရေးသားခဲ့တာဟာ စစ်တပ်တွင်း သွေးကွဲစေပြီး တပ်မတော်ပြိုကွဲရေးကို လုပ်ဆောင်နေတယ်လို့ မြန်မာ့တပ်မတော်က ကြေညာချက်ထုတ်ခဲ့ပါတယ်။
စစ်တပ်က အခုလို လုပ်ဆောင်လာတာဟာ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲကိစ္စမှာ တပ်မတော်က သိသိသာသာ ပါဝင်လာတာဖြစ်တယ်လို့ သုံးသပ်ကြသလို၊ စစ်တပ်နဲ့ ပြည်သူကြား နီးစပ်အောင် ကြိုးပမ်းချက်တွေကို တပ်မတော်ဘက်က လက်ခံချင်ပုံ မရဘူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ကျောင်းဆင်းခဲ့တဲ့ (၄၇) နှစ်မြောက် ကျောင်းဆင်းပွဲနေ့ အထိမ်းအမှတ်အတွက် ရည်ညွှန်းပြီး တပ်မတော် အရာရှိတွေအနေနဲ့ ပြည်သူက ဘာကိုလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ သိသင့်ပြီဖြစ်ကြောင်း၊ တပ်မတော်သားတွေကို ပြည်သူနဲ့ တိုင်းပြည်က ကျွေးမွေးမြေတောင်မြှောက်ခဲ့တာဖြစ်ကြောင်း၊ တပ်မတော်သားတွေဟာ နိုင်ငံနဲ့ နိုင်ငံသားတွေပေါ် သစ္စာရှိရမှာဖြစ်ကြောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် မေတ္တာသစ္စာနဲ့ ဆောင်ရွက်နေတဲ့ လက်ရှိအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်အခါ ရောက်ပြီဖြစ်ကြောင်း သူရဦးရွှေမန်းက သူ့ရဲ့ facebook စာမျက်နှာကနေ ဧပြီ ၂၃ ရက်နေ့က ရေးသားခဲ့တာပါ။
ဒီရေးသားချက်တွေဟာ တပ်မတော်တွင်း သွေးကွဲစေသလို တပ်မတော်ပြိုကွဲရေးကို ဦးတည်နေသလို၊ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က ဧပြီ ၂၆ ရက်အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
သူရဦးရွှေမန်းရဲ့ ရေးသားချက်တွဟာ လက်တွေ့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်လာနိုင်စေပါသလား။ စစ်ထောက်လှမ်းရေး အရာရှိဟောင်း တဦးလည်းဖြစ် ဝါရှင်တန်ဒီစီ သံမှူးဟောင်းလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ် ပြောတာက -
“ကျနော့်အမြင် ပြောရရင်တော့ ဦးရွှေမန်းရေးတဲ့ဟာက အမှန်တရားကို ရေးတာပါ။ တပ်မတော်ထဲမှာ သွေးကွဲစရာ အကြောင်းလည်း မရှိဘူး။ ကျနော်တို့ တပ်မတော်ထဲကို စ ဝင်စဉ်ကတည်းကိုက အလံကိုင်ပြီးတော့မှ သစ္စာဆိုခဲ့တာက နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးကို လုပ်မယ်ဆိုတဲ့ဟာကို သစ္စာအဓိဌာန်ပြုခဲ့တာပါ။ တပ်မတော်အတွက်ကို အသက်ပင်သေသေ ဆိုပြီးတော့မှ အဓိဌာန်ပြုခဲ့တာမျိုး မရှိပါဘူး။ ကျနော်တို့ စောင့်သိရိုသေရပါမယ်ဆိုတဲ့အချက်ကို ဦးရွှေမန်းက ရည်ညွှန်းပြောတာပါ။ ဒါ တပ်မတော်ကို ဖြိုခွဲတာမဟုတ်ဘူး။ တပ်မတော်ကို ပြည်သူနဲ့ ပိုပြီးတော့မှ တသွေးတသားတည်းဖြစ်အောင် ပြန်ပြီးတော့ ဖြစ်စေချင်တဲ့ စေတနာနဲ့ ပြောတယ်လို့ ကျနော် မြင်တယ်ဗျ။”
တပ်မတော်ဘက်က သူရဦးရွှေမန်းပေါ် အခုလို တုံ့ပြန်လာတာဟာ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲကိစ္စမှာ တပ်မတော်က ပါဝင်ပတ်သက်လာခြင်း ဖြစ်တယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က မြင်ပါတယ်။
“အဓိပ္ပါယ်ကောက်ယူတဲ့အပေါ်မှာ မူတည်နေလိမ့်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဟာ အထူးသဖြင့် သူတို့က ရန်သူလို့ သတ်မှတ်ထားတဲ့သူက ပြောတဲ့ဆိုတဲ့ဟာတွေဆိုရင် သူတို့ အကဲဆတ်ပြီးတော့မှ အထိမခံတဲ့သဘောမျိုး သူတို့ ရှိပါတယ်။ ဘာဖြစ်လို့ တပ်မတော်ဘက်က ဒီလို တုံ့ပြန်လာသလဲဆိုတာကို သေချာစဉ်းစားကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီဆိုတာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေ နိုင်ငံရေးအာဏာကို ရအောင် ဒီပါတီကို အသုံးပြုဖို့အတွက် ဆိုပြီးတော့မှ သေသေချာချာ ပြင်ဆင်ပြီးတော့မှ ဖွဲ့စည်းသွားပေးတဲ့ပါတီ။ တနည်းပြောရရင် နာမည်မခံသော်လည်းပဲ ဒါဟာ တပ်မတော်ပိုင် ပါတီဆိုတဲ့ သဘောမျိုး အဓိပ္ပါယ် သက်ရောက်တယ်။ အဲဒီပါတီကို သူရဦးရွှေမန်းက ပါတီ ယာယီ ဥက္ကဌတာဝန် ယူထားပြီးတဲ့နောက်မှာ သူ သမ္မတဖြစ်ရေးအတွက် အသုံးချခဲ့တာတွေ ရှိတယ်။ အဲဒီကနေတဆင့် ဂိုဏ်းဂဏတိုက်ပွဲ ပေါ်ပေါက်လာတယ်။ ဒီဂိုဏ်းဂဏတိုက်ပွဲကလည်း အခု သူရဦးရွှေမန်းက သူ့ကို ဒီပါတီထဲကနေ ထုတ်တဲ့ကိစ္စကို နောက်ထပ် ဆက်ပြီးတော့မှ သူ ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပေါ်ပေါက်လာတဲ့အခါကျတော့ သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေက တပ်မတော်ကို ပြိုကွဲအောင် လုပ်နေပါတယ်ဆိုပြီး အခုလိုမျိုး တပ်မတော်ဘက်က ပြောဆိုလာခြင်းဖြစ်တယ်လို့ ထင်ပါတယ်။”
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲကိစ္စတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ပြည်ခိုင်ဖြိုးပါတီဝင် အဖြစ်ကပါ ထုတ်ပယ်ခဲ့ပါတယ်။ သူတို့ ဒီလိုအထုတ်ပယ်ခံရတာနဲ့ ပတ်သက်လို့ သူရဦးရွှေမန်းက ဒီကိစ္စဟာ ပါတီတွင်းကိစ္စ ဖြစ်ပေမဲ့ နိုင်ငံနဲ့ နိုင်ငံသား အကျုးိစီးပွားအပေါ် သက်ရောက်လာနိုင်တာကြောင့် သူ့အနေနဲ့ တင်ပြစရာကိစ္စတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဧပြီလ ၂၅ ရက်နေ့မှာ သူ့ facebook ကနေ သတိပေးရေးသားထားပါတယ်။ ဦးရွှေမန်းရဲ့ အခုလို သတိပေးချက်အပေါ် တပ်မတော်ခေါင်းဆောင်တွေ ခေါင်းဆောင်ဟောင်းတွေဖက်က စိုးရိမ်ပုံရတယ်လို့ ဦးအောင်လင်းထွဋ်က မြင်ပါတယ်။
“ကျနော့်သုံးသပ်ချက်အရ ပြောရရင် ဦးရွှေမန်းသည် တချိန်က နိုင်ငံတော်မှာ နံပါတ် ၃ နေရာနဲ့ တပ်မတော်မှာ နံပါတ် ၃ နေရာ အကြီးဆုံး ယူထားတဲ့ပုဂ္ဂိုလ်ပါ။ အဲတော့ ယခင် စစ်အစိုးရခေတ်ရော၊ နောက်ပိုင်း ဦးသိန်းစိန်အစိုးရခေတ်ရော ဘယ်သူတွေ ဘာလုပ်တယ်ဆိုတဲ့ဥစ္စာ အားလုံး သိပါတယ်။ တိုင်းပြည်အတွက် လုပ်တာလား။ ကိုယ်ကျိုးအတွက် လုပ်တာလားဆိုတာ သူသိတယ်။ သူတို့ ပုဂ္ဂိုလ်ချင်းပေါ့လေ ဖြစ်တဲ့ကိစ္စမှာ တပ်မတော်ကို စွဲမထည့်သင့်ပါဘူး။ သူတို့ တပ်မတော်ကို ဖြိုခွဲတယ် ဘာညာဆိုတဲ့ဥစ္စာကတော့ ဒါ ဦးရွှေမန်းကို တိုက်ခိုက်ချင်တာလည်း ပါတယ်။ ဒါ့အပြင် ဦးရွှေမန်းက NLD နဲ့ သွားပြီးတော့မှ ပေါင်းတယ်ဆိုတဲ့အတွက်ကြောင့်မို့ သစ္စာဖောက်ဆိုပြီးတော့မှ ပြောတယ်။ ဒါကလည်း ဦးရွှေမန်းရဲ့ စာထဲမှာ ပါပါတယ်။ တိုင်းပြည်အတွက် ကောင်းအောင် လုပ်မယ့်သူနဲ့ ပေါင်းလုပ်တဲ့ဟာကို ကျနော်တို့ မကန့်ကွက်လိုဘူး။”
ပြည်ခိုင်းဖြိုးပါတီကတော့ သူရဦးရွှေမန်းတို့ကို ပါတီဝင်အဖြစ်ကပါ ဘာကြောင့် ထုတ်ပယ်လိုက်တဲ့အပေါ် အခုချိန်ထိ တရားဝင် ရှင်းချက် မထုတ်ပြန်သေးပါဘူး။