သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိုင်ကြီးငူ ဆရာတော် စေတီတည်မှု ဒေသခံတွေ စိုးရိမ်


ကွမ်းတောကျေးရွာတွင် တည်ထားသောစေတီ (Photo- မြိုင်ကြီးငူ ဆရာတော် သာသနာပြုလုပ်ငန်း Facebook)
ကွမ်းတောကျေးရွာတွင် တည်ထားသောစေတီ (Photo- မြိုင်ကြီးငူ ဆရာတော် သာသနာပြုလုပ်ငန်း Facebook)

ကရင်ပြည်နယ်မှာ မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်တဲ့ လက်နက်ကိုင် အုပ်စုတစုကနေ ရက်ပေါင်း (၁၀)ရက်အတွင်း ခရစ်ယာန်ဘုရားကျောင်းဝင်းနှစ်ခု အပါအဝင် အစ္စလာမ် ဘာသာဝင် တွေရဲ့ အိမ်ခြံတွေနဲ့ ဗလီကျောင်းနား မှာ စေတီတွေ တဆူပြီးတဆူ အတင်းအဓမ္မ လိုက်တည်နေတဲ့အတွက် ဘာသာခြား ဒေသခံတွေ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအခြေအနေကို NLD အစိုးရသစ်ရော၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရပါ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသေးတာကြောင့်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ် လာမှာကို ဒေသခံတွေ စိုးရိမ်မကင်းဖြစ်နေကြတာပါ။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်ကတင်ပြမှာပါ။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင်း မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်တဲ့ အုပ်စုတစုကနေ ဧပြီလကုန်ပိုင်းလောက်မှာ အခြားဘာသာဝင်တွေ ကိုးကွယ်တဲ့ နေရာတွေမှာ သွားရောက်ပြီး အင်အားသုံးကာ စေတီ ပုထိုးတွေကို နေချင်းပြီး တည်ဆောက်နေတာဖြစ်ပါတယ်။

ဧပြီလ (၂၃)ရက်နေ့က လှိုင်းဘွဲ့မြို့နယ် ကွမ်းတောကျေးရွာ ခရစ်ယာန် ဘုရားကျောင်းဝင်း အတွင်း စေတီငယ်တဆူ နေ့ချင်းပြီး တည်ဆောက်ခဲ့တဲ့ မြိုင်ကြီးငူ ဆရာတော် လုပ်ရပ်ကို KNU ၊ DKBA စတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ဘာသာရေးခေါင်း ဆောင်တွေက ဝိုင်းဝန်း ကန့်ကွက်နေတဲ့ အချိန်မှာပဲ ဧပြီလ (၂၆)ရက်နေ့မှာ ရွှေဂွန်းကျေးရွာက ဗလီကျောင်းနား နဲ့ အစ္စလာမ် ဘာသာဝင် တွေရဲ့ အိမ်ဝင်းတွေထဲမှာ နောက်ထပ် စေတီငယ်တဆူကို မြိုင်ကြီးငူဆရာတော်က အင်အားသုံး တည်ဆောက်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ မေတ္တာစက်ဝိုင်း ဘာသာပေါင်းစုံပူးပေါင်းအဖွဲ့ရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်နိုင်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

" ဘုရားတည်ဖို့ လာတဲ့အချိန်တုန်းကလည်း သူက အဲ့ဒီ့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါလာပြီးတော့ ကားနဲ့ အဲ့ဒီ့ဗလီနားမှာ ရွာကို အရင်ဆုံး လာဝိုင်းလိုက်တယ်။ နောက် မြိုင်ကြီးငူဆရာတော်နဲ့ အတူတူ နောက်ထပ် လူတွေ အများကြီး သူနဲ့ ပါလာပြီးတော့မှ လာဆောက်တယ်ပေါ့။ အဓိက ကတော့ ဘာသာရေး၊ လူမျိုးရေး ပြဿမနာဖြစ်မှာကို လူတွေက တအားကြောက်ကြတယ်။ ဘယ်သူမှလည်း မပြောရဲဘူး။ သူတို့မှာ လုပ်နိုင်တာတခုက သက်ဆိုင်ရာ အာဏာပိုင်ကို အကြောင်းကြားတာပဲရှိတယ်။ ဒါပေမဲ့ အာဏာပိုင်အဖွဲ့အစည်းက အခုအချိန်အထိ ဘာတခုမှ သူတို့ကို လုပ်ပေးတာမျိုး မရှိသေးဘူး။"

သာသနာရေးဝန်ကြီး ဦးအောင်ကိုကတော့ မြိုင်ကြီးငူဆရာတော်ရဲ့လုပ်ရပ်ကို အချိန် အတိုင်းအတာတခုထိ သည်းခံစောင့်ဆိုင်းဖို့ မန္တလေးမြို့က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ နဲ့ မေလ (၃)ရက်နေ့က တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

" ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့မှာ နည်းနည်းလေး အောက်ခြေမှာ အငြင်းပွားမှုတွေလည်း အသံထွက်နေပါတယ်။ လက်တလော ဒါသည် အပူတပြင်းဖြေရှင်း လိုက်ရင် နှစ်ဘက် လက်နက်ကိုင် အဖွဲ့ကလည်း အဲဒီမှာ ပါဝင်ပတ်သက်နေတဲ့ အခါကျတော့ ရှေ့ဆက်ရမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကို အတိုင်းအတာ တခုအထိ အထိအခိုက် အနှောက်အယှက်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဒါကိုလောလောဆယ် သီးခံဆိုင်းငံံ့ပြီးတော့မှ အချိန်တခု စောင့်ဆိုင်းပြီးတော့မှ ဖြေရှင်းသွားဖို့အတွက်ကို အာဏာပိုင်အဆင့်ဆင့် လုပ်ပါလိမ့်မယ်။ ”

မေလ (၃)ရက်နေ့ကပဲ မြိုင်ကြီးငူဆရာတော်ဦးဆောင်တဲ့ လူပေါင်း(၃၀၀)လောက် ပါဝင်တဲ့ အုပ်စုတစုကနေ ကွမ်းတောကျေးရွာက ရှင်မာကုအင်္ဂလီကန် ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်း အတွင်း နောက်ထပ်စေတီငယ်တဆူကို ညတွင်းချင်း အပြီးတည်ဆောက်ခဲ့ပါတယ်။

မြိုင်ကြီးငူဆရာတော်အနေနဲ့ စေတီတွေ လိုက်ပြီးတည်နေတဲ့နေရာတွေဟာ လွန်ခဲ့တဲ့ ရှေးဟောင်းနှစ်တွေတုန်းက သာသနာပိုင်တဲ့ နယ်မြေတွေဖြစ်ခဲ့တယ်ဆိုပြီး ခိုင်လုံမှု မရှိတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အငြင်းပွားဖွယ်ရာ ထိခိုက်လွယ်တဲ့ ဘာသာရေး ပဋိပက္ခတွေဖြစ်အောင်မလုပ်ဖို့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် (ကနေဒါနိုင်ငံ) ဆိုင်ရာ ဥက္ကဋ္ဌ ဆရာတော်ဦးကောဝိဒက အခုလို မေတ္တာရပ်ခံလိုက်ပါတယ်။

" ဘုန်းဘုန်းတို့အနေနဲ့က အခုအချိန်မှာ အစိုးရတက်ခါစဆိုတော့ ဒါမျိုးတွေ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ တခါမှ မရဖူးတဲ့ ဒီမိုကရေစီ အစိုးရလည်း တက်နေတဲ့ အချိန်မှာ အခုလို ရှုတ်ရှုတ်ယှက်ယှက်တွေ မဖြစ်စေချင်ဘူး။ ဘာသာရေးဆိုတဲ့ကိစ္စက တခြားကိစ္စနဲ့ မတူဘူး။ သိပ်ပြီး ကိုင်ရတွယ်ရ ခက်တယ်။ ခက်တော့ ဘုန်းဘုန်းတို့အထင်တော့ မြိုင်ကြီးငူဆရာတော်ဘက်ကလည်း ငြိမ်စေချင်တယ်။ တခြားဘက်တွေကလည်း ငြိမ်စေချင်တယ်။ နောက်ပိုင်းကျမှ ဒီကိစ္စကို ဘယ်သူပိုင်တယ်။ ဘယ်ဝါပိုင်တယ် ရှင်းဖို့ကောင်းတယ်။ "

အခုလို မြိုင်ကြီးငူဆရာတော်ရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ အစိုးရဘက်က အမြန်ဆုံးဖြေရှင်းပေးဖို့ ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့နဲ့ ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG