သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှထဲ လက်နက်ကြီး ထိမှန်မှု မြန်မာကို ကန့်ကွက်


ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေး နယ်စပ်လမ်း။
ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေး နယ်စပ်လမ်း။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ၆ ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဘက်က စွပ်စွဲလိုက်ပါတယ်။ ဒီဖြစ်ရပ် နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့်ရှ်ဘက်က တယ်လီဖုန်းနဲ့ ကန့်ကွက်တာကို ကြားပေမယ့်၊ ဒီဖြစ်ရပ် အပေါ်မှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ မြန်မာနယ်ခြားစောင့်တပ်ဘက်က တုန့်ပြန် လိုက်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ဘန်ဒါဘန်ဒေသမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်တွေကို ပစ်မှတ်ထားပြီးတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဘက်က မော်တာ ကျည်ဆံ ၆ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဘက်က ဒီကနေ့ စွပ်စွဲလိုက်တာပါ။ ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့်၊ ဆန်ဂူ သစ်တောကြိုးဝိုင်းအတွင်းက ရဟတ်ယာဉ်ဆင်းသက်တဲ့ ကွင်း ပျက်စီး သွားတယ် လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အမှတ် ၅၇ ရဲ့ ဒုဗိုလ်မှူးကြီး Reza ကို ကိုးကားပြီး ဘင်္ဂလားဒေ့်ရှ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်ထားပါတယ်။

ကိုရန်နိုင်။ ။ အခုပဲ သတင်းမှာ တွေ့လိုက်လို့ ။ ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီးတော့ မြန်မာနယ်ခြားစောင့်တပ်ကို စွပ်စွဲတယ်။ မြန်မာ နယ်ခြားစောင့်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ဆံ ခြောက်လုံး သူတို့ဘက်ကို ကျတယ်ဆိုပြီးတော့ စွပ်စွဲပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ ဘာများပြောနိုင်ပါလဲခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ။ ။ ကျနော်ကတော့ မသိဘူးခင်ဗျ။ ကန့်ကွက်တယ်ဆိုတဲ့သတင်းတော့ ကြားတယ်ခင်ဗျ။ ကျနော်က အခုလောလောဆည် စစ်တွေဘက်ကို ရောက်နေလို့ပါ။ လူကြီးနဲ့ လာတွေ့နေလို့လေ။ အဲ့တာကြောင့် အခြေအနေ အသေးစိတ်တော့ ကျနော် မသိပါဘူးခင်ဗျ။

ကိုရန်နိုင်။ ။ ကန့်ကွက်တယ်ဆိုတဲ့သတင်းတော့ ကြားတယ်ပေါ့နော်။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ။

ကိုရန်နိုင်။ ။ ဒီဥစ္စာ ဖြစ်တယ်။ မဖြစ်ဘူးဆိုတာကိုရော ပြောနိုင်မလား။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ အဲ့တာတော့ မပြောနိုင်သေးဘူးခင်ဗျ။ ဟိုရောက်မှ မြေပြင်ရောက်မှ စုံစမ်းကြည့်ရမှာပေါ့။

ကိုရန်နိုင်။ ။ ဒီကန့်ကွက်စာကရော ရဲမှူးတို့ဆီ ရောက်ပါပြီလားခင်ဗျ။ ဘယ်လိုများ သိထားပါလဲ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ ရောက်တာတော့ မကြားသေးဘူးခင်ဗျ။ ဖုန်းနဲ့ပဲ စကားပြန်ကတဆင့် လှမ်းပြီး တော့ ပြောတယ်ပဲ ကြားပါတယ်ခင်ဗျ။ စာတွေ ဘာတွေ ပို့တာတော့ မသိသေးပါဘူးခင်ဗျ။

ကိုရန်နိုင်။ ။ ကျနော် နောက်တခုသိချင်တာက နယ်စပ်အခြေအနေကရော အခုလောလောဆည်မှာ ဘယ်လိုအခြေအနေရှိပါလဲခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ နယ်စပ်ကတော့ ကျနော်တို့ နယ်ခြားစောင့်တပ် အချင်းချင်းကြားမှာတော့ အေးအေးချမ်းချမ်းပါပဲခင်ဗျ။ အဲ့ဒီ့ဟိုဘက် အိန္ဒိယနယ်စပ်နဲ့ ဘင်္ဂလားနယ်စပ် ကျနော်တို့ သုံးမှတ်ဆုံတဲ့နေရာ အဲ့ဒီ့ဘက်ခြမ်းက နည်းနည်းတော့ တိုက်ပွဲလေးတွေ AA နဲ့ တပ်မတော်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အသံလေးတွေတော့ ကြားပါတယ်ခင်ဗျ။

ကိုရန်နိုင်။ ။ AA နဲ့ တပ်မတော်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အသံလေးတွေတော့ ကြားပါတယ် ဆိုတော့ အခုရက်ပိုင်းပါလားခင်ဗျ။

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ရဲမှူးကြီးမျိုးဆွေ ။ ။ ပြီးခဲ့တဲ့ တပတ်အတွင်း ဖြစ်တယ်လို့တော့ ကြားပါတယ်ခင်ဗျ။ ဒါပေမဲ့လို့ ဘယ်မှာဖြစ်လဲ ။ ဘယ်လောက်ဖြစ်လဲတော့ မသိပါဘူးခင်ဗျ။

ဘင်္ဂလားဒေ့်ရှ်ဘက်ကတော့ ဒီကိစ္စကို တရားဝင်ကန့်ကွက်ဖို့အတွက် ပြင် ဆင်နေပြီး၊ မြန်မာနယ်ခြားစောင့်တပ်ဖက်ကို ပေးပို့သွားမယ်လို့တော့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့်ရှ်ဘက်ကတော့ နယ်ခြားစောင့် တပ်တွေ နောက်ထပ်စေ လွှတ်ပြီ လုံခြုံရေးကို အားဖြည့်ထားတယ်လို့ ဆိုပြီး၊ ဒေသခံတွေအဆိုအရတော့ ၂ နိုင်ငံ နယ်စပ်မှာ တင်းမာမှုတွေ တိုးလာနေတယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဖော်ပြနေကြပါတယ်။

XS
SM
MD
LG