သုံးရလွယ်ကူစေသည့် Link များ

ရီပတ်ဘလစ်ကန် ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ သေချာသလောက်ရှိနေပေမဲ့ အခြေအတင်ဖြစ်စရာတွေ ကြုံနေရတဲ့အတွက် ပါတီတွင်းမှာ ညီညွတ်မှုရဖို့ မျှော်လင့်ချက်နဲ့ ကုဋေကြွယ်သူဌေး Donald Trump ပါတီထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပါတယ်။ ၀ါရှင်တန်ဒီစီက တွေ့ဆုံမှုအပြီးမှာတော့ အစကောင်းတဲ့ ခြေလှမ်းတရပ်အဖြစ် ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေ ပြောဆိုခဲ့ကြပေမဲ့ ညီညွတ်မှုရဖို့ အတွက်ကတော့ နောက်ထပ် ဆွေးနွေးပြောဆိုစရာတွေ ရှိသေးတယ်လို့လည်း ပြောဆိုခဲ့ကြတာပါ။ အမေရိကန် သမ္မတလောင်းရွေးပွဲ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Jim Malone ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan အပါအ၀င်၊ လွှတ်တော်တွင်းက ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရောက်လာတဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် Donald Trump ကတော့ ဆွေးနွေးမှုတွေ မတိုင်ခင်မှာပဲ လက်မထောင် နေခဲ့တာပါ။ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် Trump ကိုထောက်ခံဖို့ တွန့်ဆုတ်နေတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌကတော့ တွေ့ဆုံမှုအပြီးမှာပဲ ကျေနပ်မှုရတဲ့ သဘောထားကို ပြသခဲ့ပါတယ်။
“ဒီနေ့ Donald Trump ပြောတာ ကြားရတာ အင်မတန်မှ အားတက်စရာ ကောင်းပါတယ်။ ကျနော်တို့အားလုံး ညီညွတ်မှုရဖို့၊ ကွာဟချက်တွေ၊ ကွဲလွဲချက်တွေကို စေ့စပ်ညှိနှိုင်းနိုင်ဖို့ မျိုးစေ့ချနိုင်ခဲ့တယ်လို့လည်း ကျနော် အလေးအနက် ယုံကြည်ပါတယ်။ အခုကစပြီး ဘုံရပ်တည်ချက် ရရှိနိုင်မယ့် မူဝါဒရေးရာ ကိစ္စတွေကိုပါ ထဲထဲဝင်ဝင် ဆွေးနွေးပြီး၊ တူညီတဲ့ အခြေခံ ရပ်တည်ချက်တွေကို အကောင်အထည် ဖော်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာတွေကိုလည်း ဆက်ပြီး ပြောကြရမှာပါ။”

ဆွေးနွေးပွဲ အပြင်ဖက်မှာတော့ ကုဋေကြွယ်သူဋ္ဌေး Trump ကို ဆန့်ကျင်သူတွေ အလုံးအရင်းနဲ့ ဆန္ဒပြခဲ့ပြီး၊ အမေရိကန်မှာ တရားမ၀င် ရောက်ရှိနေထိုင်သူတွေနဲ့ ပတ်သက်တဲ့ သူ့အစီအစဉ်နဲ့ ပတ်သက်လို့လည်း ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတာပါ။ ဆွေးနွေးပွဲအပြီး Trump ကတော့ တစုံတရာ မှတ်ချက်မပေးခဲ့သလို၊ အောက်လွှတ်တော် ဥက္ကဋ္ဌကလည်း သမ္မတလောင်းအဖြစ် ထောက်ခံမှု ပေး-မပေး ဆိုတာ မပြောခဲ့ပါဘူး။ ဒါပေမဲ့လည်း ပြန်လည် ညီညွတ်မှုရရှိစေမယ့် အပြုသဘောဆောင် ခြေလှမ်းတရပ် အဖြစ်နဲ့လည်း ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာပါ။
Trump ကတော့ Conservative သမားရိုးကျဝါဒီတွေရဲ့ စံတန်ဘိုးတွေကို အလေးထားသူတယောက် ဟုတ်-မဟုတ် မေးခွန်းထုတ်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုထားတာပါ။
“ကွန်ဆာဗေးတစ် အစစ်မဟုတ်ဘူးလို့ ပြောပြောနေကြပါတယ်။ ဘယ်သူကများ အရေးစိုက်လို့လဲ။ တိုင်းပြည်ကိုသာ အရင်ဆုံး တည့်မတ်အောင် လုပ်ရမှာပါ။ တခြား ဘာကိစ္စကို အရေးစိုက်နေရမှာလဲ။”


ပြည်နယ်တခုချင်းအလိုက် ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်း ရွေးပွဲတွေမှာ ရီပတ်ဘလစ်ကန် ပါတီက ထောက်ခံမဲ ၁၁ သန်းလောက် ရထားတဲ့ Trump ကတော့၊ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ Bob Corker တို့လို ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်ပိုင်းက ထောက်ခံမှုတချို့လည်း ရရှိလာနေပါတယ်။
“ကိစ္စတော်တော်များများနဲ့ ပတ်သက်လို့ ပိုပြီးရှင်းရှင်းလင်းလင်း ဖြစ်လာသလို၊ လေသံပြောင်းလာတာလည်း တွေ့ရပါတယ်။”

ဒါပေမဲ့လည်း အထက်လွှတ်တော်အမတ် Lindsey Graham တို့လို ပုဂ္ဂိုလ်တွေကတော့ Trump ကို ဆက်လက် ဆန့်ကျင်နေကြဆဲပါ။
“စိတ်ပျက်လက်ပျက် ဖြစ်နေကြတဲ့သူတွေ Donald Trump ကို ထောက်ခံသူတွေအပေါ် ကျနော် အပြစ်မတင်ပါဘူး။ ဒီလူတွေ အလိမ်ခံရတယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။ ရှေ့လျှောက် ယှဉ်ပြိုင်မှုတွေမှာ Donald Trump ဟာ၊ စိတ်ချရတဲ့ ကွန်ဆာဗေးတစ်တယောက် မဟုတ်ဘူးဆိုတာလည်း တွေ့ရလိမ့်မယ်လို့လည်း ထင်ပါတယ်။”

လွှတ်တော်တွင်းက ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပေါ် ဒီမိုကရက်တစ်ပါတီရဲ့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Harry Reid ကတော့ ပါတီတွင်းညီညွတ်မှုရအောင် ကြိုးပမ်းမှုတွေထဲမှာ နောက်ဆုံး တွေ့ရတဲ့ ခြေလှမ်းတရပ်အဖြစ် မြင်ပါတယ်။
“လွှတ်တော် ၂ ရပ်စလုံးက ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေ Donald Trump နဲ့ ခြေလှမ်းညီညီ လျှောက်လာနေတဲ့ လက္ခဏာပါ။”

ဝါရှင်တန်အခြေစိုက် မူဝါဒရေးရာ လေ့လာရေးဌာန Bipartisan Policy Center က နိုင်ငံရေးအကဲခတ် John Fortier ကတော့ Trump မှာ အားနည်းချက်တွေရှိသလို၊ အားသာချက်တွေလည်း ရှိနေတယ်လို့ သုံးသပ်ပါတယ်။
“လူဖြူအလုပ်သမား လူတန်းစား မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ပါတယ်။ ဒီလူတွေထဲမှာ ရီပတ်ဘလစ်ကန် မဟုတ်တဲ့သူတွေလည်း ပါပါတယ်။ သီးခြားလွတ်လပ်သူတွေ၊ ဒီမိုကရက်တွေ၊ မဲသိပ်မပေးကြတဲ့ သူတွေတောင် ပါပါတယ်။ ကျန်တဲ့ တခြားမဲဆန္ဒရှင်တွေကို ဆုံးရှုံးနိုင်တာကိုတော့ သူ့အနေနဲ့ သတိထားရပါလိမ့်မယ်။”

ဇူလိုင်လထဲ သမ္မတလောင်း တဦးကို တရားဝင်ရွေးချယ်မယ့် ရီပတ်ဘလစ်ကန် နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ရှိနေတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Ryan ကတော့ ကွဲလွဲမှုတွေကို စေ့စပ်နိုင်ဖို့ နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG