သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးပြတ်လတ်နေတဲ့နေရာတွေကို သွားရောက်ပြီး ဒေသခံတွေ ရေရရှိရေး ထိထိရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်း (Noble Heart) အဖွဲ့ကို မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မနေ့က ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။ ဒါဟာ စေတနာဝန်ထမ်းလူမှုကယ်ဆယ်ရေးလုပ်ငန်း တွေကိုဆောင်ရွက်နေတဲ့ အသင်းအဖွဲ့တွေထဲကို NLD အစိုးရသစ်က ပထမဆုံးအကြိမ် ရွေးချယ်ပြီး ကျေးဇူးတင်လွှာ ထုတ်ပြန်လိုက်တာပါ။

သောက်သုံးရေရှားပါးပြတ်လပ်မှုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာ လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်ကူညီမှု ဘယ်လောက်ထိ ထိရောက်မှုရှိနေပါသလဲ။ ရှင်သန်ရေးကူညီမှုအသင်းထူထောင်သူ မရွှေကြာကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်လက်တင်ဆက်မှာပါ။

မနေ့ တနင်္လာနေ့ကထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ကျေးဇူးတင်လွှာမှာ နိုင်ငံတွင်း ရာသီဥတုဖောက်ပြန်တဲ့ဒဏ်အပြင် သောက်သုံးရေရှားပါးပြတ်လတ်မှုကို နေရာဒေသအတော်မျာများမှာ ကြုံတွေ့နေရကြောင်းနဲ့ အဲဒီဒေသတွေကို ပုဂ္ဂလိက အလှူရှင်တွေ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ၊ စေတနာရှင်ပြည်သူတွေ သွားရောက်ပြီး ကိုယ်ထူကိုယ်ထအကူညီပေးနေကြတဲ့အတွက် သူ့အနေနဲ့ ၀မ်းသာကြည်နူးမိကြောင်း ဖေါ်ပြထားပါတယ်။

အခုလိုနိုင်ငံသားစိတ်ဓါတ်နဲ့ အများအကျိုးဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူတွေကို မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့ မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် “ရှင်သန်ရေးကူညီမှုအသင်း” ကိုရွေးချယ်လိုက်ကြောင်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကရွေးချယ်ဂုဏ်ပြုလိုက်တဲ့အပေါ်မှာ သူတို့အသင်းအနေနဲ့မျှော်လင့်မထားမိကြောင်း ရှင်သန်ရေးကူညီမှုအသင်းကို စတင်တည်ထောင်သူ မရွှေကြာက ဗွီအိုအေကိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အဖွဲ့ကိုအဲဒီလိုချီးကျူးလာမယ်လို့ ကျမတို့တယောက်မှလည်း တွေးလဲတွေးထင်မထားမိဘူး။ မျှော်လဲမမျှော်လင့်ခဲ့ပါဘူး။ ကျမတို့ရှင်သန်ရေးကူညီရေးအဖွဲ့ကနေ ပြီးခဲ့တဲ့နှစ်ကတည်းက ရေသန့်ကို စတင်ပြီးလှူနေတာဟာ တကယ်လိုအပ်တဲ့ သူတွေကို တကယ့်ကိုစေတနာနဲ့ ရပါစေဆိုတဲ့စိတ်နဲ့ လှူခဲ့တာပါ။ လှူတယ်ဆိုတဲ့နေရာမှာလည်း ကျမတို့ရဲ့ ပိုက်ဆံနဲ့မဟုတ်ပါဘူး။ (၇)ရက်သားသမီးအလှူရှင်တွေရဲ့ ပိုက်ဆံနဲ့ ကျမတို့က စေတနာသန့်သန့်နဲ့ တကယ့်ကိုလိုအပ်တဲ့သူတွေဆီကို ကျမတို့ ကိုယ်ကျိုးမဖက်ပဲ၊ ဘယ်သူမှစေခိုင်းခြင်းမရှိပဲ လှူနေတဲ့အပြင် ကျမတို့ကလိုအပ်တဲ့နေရာတွေမှာ ရေကန်တွေ တူးဖေါ်ပေးနေတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျမတို့လုပ်တာကိုင်တာကို သူကသိရှိပြီး ထုတ်ဖေါ်ချီးကျူးတယ်လို့ ကျမတော့ ထင်မိပါတယ်။”

VOA။ ။ မရွှေကြာတို့ ရေရှားပါးတဲ့နေရာတွေကို သွားပြီးကူညီတဲ့အခါမှာ စနစ်တကျဖြစ်အောင် ဘယ်လိုဆောင်ရွက်လဲရှင့်။

ဖြေ။ ။ “အရင်နှစ်က နွေရာသီ မိုးမကျမှီ ရေသန့်ဘူးတွေကို နေ့စဉ်သွားလှူဖြစ်ပါတယ်။ အဲဒီလိုလှူတဲ့အပြင် သူတို့ရဲ့ရေကန်အဟောင်းတွေကို ကန်တူးကန်ဆည်ပြန်ပြီးတော့ ဆည်ပေးတယ်။ လိုအပ်တဲ့ ရေကန်တွေပြန်တူးပေးတယ်။ အားလုံး (၂၇)ကန် ပြီးကန်တဲ့နှစ်က တူးဖေါ်ပေးခဲ့ပါတယ်။ အဲဒီကန်တွေမှာ ၀င်းတွေဘာတွေခတ်ပေး၊ ကန်ထဲဆင်းဖို့ လှေကားတွေကအစ အဆင်ပြေအောင် ကျမတို့တာဝန်ယူလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်ကျတော့ ရေသန့်ဘူးနဲ့သွားလှူမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေဘူးဆိုတော့ ကျမတို့ကို အလှူရှင်တွေက ရေဘောက်ဆာကားတစီးလှူခဲ့ပါတယ်။ အဲဒီကားနဲ့ လိုအပ်နေတဲ့ရွာတွေကိုလှည့်ပြီး နေ့စဉ်လှူပေးခဲ့ပါတယ်ရှင့်။ အဲဒီလိုလှူပေးနေတဲ့အချိန်မှာ နောက်ထပ်အလှူရှင်ကနေ ရေဘောက်ဆာကားနောက်တစင်းလှူတဲ့အတွက် ကျမတို့ရေလှူတဲ့လုပ်ငန်းကို တိုးချဲ့လာနိုင်ပြီး နေ့စဉ် ကျန်စစ်သား၊ အံကြီး စတဲ့ ဒလဘက်ကမ်းမှာရှိတဲ့ ရေလိုအပ်တဲ့နေရာတွေကို ကျမတို့နေစဉ်မနက် ကိုးနာရီကနေ ည (၇)နာရီ (၈)နာရီအထိ ကျမတို့အသင်းကလှူဒါန်းပေးနေပါတယ်။”

ရှင်သန်ရေးကူညီမှုအသင်းကို ၂၀၁၅ခုနှစ်မှာ စတင်ထူထောင်ပြီး ရေရှားပါးမှုအခက်အခဲတွေရင်ဆိုင်နေရတဲ့ ဒေသခံတွေကိုသွားရောက် အကူအညီပေးနေသလို ရန်ကုန်မြို့မှာလည်း ရန်ကုန်ဆေးရုံးကြီးအပါအ၀င် အစိုးရဆေးရုံးတွေမှာ လူနာတွေအတွက် အစားအသောက်နေ့စဉ်လှုဒါန်းတာ၊ အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ကျေးဇူးတင်လွှာမှာလည်း နိုင်ငံတော်တည်ဆောက်ရေးအပါအ၀င် ဘေးဒုက္ခကြုံတွေ့လာချိန်မှာ အစိုးရနဲ့အတူ ကူညီပူးပေါင်းဆောင်ရွက်ဖို့ ပြည်သူအားလုံးကိုမေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG