သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီဥပဒေ နိုင်ငံတကာစံနဲ့အညီ ပြင်ဆင်ဖို့ HRW တိုက်တွန်း


နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့တွင်း စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူများ။
နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့တွင်း စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူများ။

မြန်မာအစိုးရလက်ထက်မှာ ပြင်ဆင်ဖို့လုပ်နေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ညီအောင်ပြင်ဆင်ဖို့ နိုင်ငံတကာက လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာစောင့်ကြည့် အကဲခတ်နေတဲ့ Human Rights Watch အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ငြိမ်း၊ စု၊ စီလို့ လူသိများပြီး အရင်အစိုးရတွေ လက်ထက်မှာ တက်ကြွလှုပ်ရှားသူတွေ မကြာခဏ အရေးယူခံရလေ့ရှိတဲ့ ဒီဥပဒေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ လျှော့ပေါ့ပြီး ပြန်လည်ပြဋ္ဌာန်းဖို့ လွှတ်တော်မှာ အဆိုပြုထားပေမဲ့လည်း နိုင်ငံတကာအဆင့်မီဖို့လိုနေသေးတယ်လို့ HRW အဖွဲ့က ထောက်ပြခဲ့တာပါ။ အပြည့်အစုံကို နန်းလောင်ဝ်ကပြောပြပေးပါမယ်။

ငြိမ်းစုစီလို့လူသိများတဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်း လှည့်လှည်ခြင်း ဆိုင်ရာ ဥပဒေကို အစိုးရသစ်လက်ထက် မှာ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ အပေါ် နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီဖြစ်ဖို့လိုတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်တဲ့ အစိုးရအနေနဲ့ အမြန်ဆုံးပြင်ဆင်ပြဌာန်းသင့်တဲ့ အကြောင်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က VOA ကိုခုလိုပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားအတော်များများကို ဖမ်းဆီး အကျဉ်းချရာမှာ နှစ်ပေါင်း အတော်ကြာအောင်အသုံးပြုနေတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လှည်ခြင်း ဆိုင်ရာဥပဒေဟာ လူ့အခွင့်အရေးကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေ တာဖြစ်သလို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့လည်း ကိုက်ညီမှု မရှိတာကြောင့်အစိုးရသစ်အနေနဲ့ အမြန်ဆုံးပြုပြင်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ စိုးရိမ်မှုရှိနေတာကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်သွင်းခဲ့ပေမယ့်လည်း သိသာ ထင်ရှားတဲ့ ပြင်ဆင်ပြဌာန်းချက် အချို့ရှိမနေသေးတဲ့အချက်ပါပဲ။ ဒါ့အပြင်ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေကို နိုငံတကာ စံနှုန်းနဲ့ အညီပြဌာန်းဖို့ လိုနေပါသေးတယ်။

ဒါတင်မက ဆန္ဒပြသူတွေအနေနဲ့ အာဏာပိုင်တွေ သတ်မှတ်ပေးတဲ့နေရာတွေမှာသာ ဆန္ဒပြခွင့်ပြုတဲ့ အချက်ဟာလည်း နိုင်ငံတကာအလေ့အထတွေနဲ့ မညီဘူး လို့ ပြောပါတယ်။

"သတ်မှတ်နေရာတခုထဲမှာပဲ ဆန္ဒပြရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိဖို့မလိုသလို အာဏာပိုင်တွေကို တင်ပြထားရတဲ့ ကြွေးကြော်သံ တွေကို သာကြွေးကြော်ရမယ် ဆိုတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီလုပ်ရပ်တွေကို ပြစ်မှုအဖြစ် သတ်မှတ်တယ် ဆိုရင်တော့ အစိုးရအနေနဲ့ ပြဿနာကို အမှန်တကယ် ဖြေရှင်းတာမဟုတ်ပဲ ဥပဒေရဲ့ အချို့အပိုင်း၊ စကားလုံးတွေကိုပြင်တဲ့သဘောမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဥပဒေတွေထဲက ကျန်တဲ့ အပိုင်းတွေကိုလည်း ပြင်ဆင်ဖို့လိုပါသေးတယ်။ ကျနော်ပြောချင်တာကတော့ NLD ဦးဆောင်တဲ့အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးအတွက် ဒီဥပဒေမူကြမ်းကို နိုင်ငံတကာစံနှုန်းနဲ့ညီအောင် အလေးအနက်ထား လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းစုစီ ဥပဒေကို လွှတ်တော်တွင်း အသစ်ရေးဆွဲနေရာမှာ ခွင့်ပြုမိန့်ရယူတာနဲ့ ပတ်သက်တဲ့ အချက်အပါအဝင်၊ အခြား ပြင်ဆင်သင့်တဲ့ အချက်တွေကို မဲခွဲအ တည်ပြုနိုင်ရေး ကြိုးပမ်းနေတဲ့အကြောင်းနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကVOA ကို အခုလိုပြောပါတယ်။

" ကျနော်တို့ ဆန္ဒထုတ်ဖော်မယ်ဆိုရင် ခွင့်ပြုချက်ဆိုတာကို မလိုတော့ဘူး။ နယ်မြေတခုပဲ နယ်မြေတခုနဲ့တခု ဖြတ်သန်းသွားမယ်။ နောက်တခါ ခရိုင် တခုကိုပါ ကျော်သွားမယ်ဆိုရင် ကျနော်တို့ ဒီဘက်မှာတော့ ၄၈နာရီ ကြိုပြီးတော့ ဖြတ်သန်းသွားမယ့် နေရာတွေကို ကြိုပြီးတော့ အကြောင်းကြားဖို့ပဲ လိုမယ်။ ခွင့်ပြုမိန့်တွေ ဘာတွေ တောင်းစရာမလိုဘူး။ အကယ်လို့ စည်းကမ်းဖောက်ဖျက်လို့ အရေးယူဆောင်ရွက်မယ်ဆိုလို့ရှိရင် စတင်တဲ့နေရာကပဲ အရေးယူရမယ်။ ဖြတ်သန်းသွားတဲ့မြို့နယ် ဖြတ်သန်းသွားတဲ့ ခရိုင်တွေကနေ အရေးယူနိုင်အောင် အဲ့လောက်အထိ ကျနော်တို့ဘက်က ပြင်ဆင် ထားတာရှိပါတယ်။"

ဥပဒေပြင်ဆင်ဖို့အတွက် ပြည်တွင်းပြည်ပက ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်တယ် လို့လည်း NRW က တိုက်တွန်းထားတာပါ။

ပညာရေးဥပဒေပြင်ပေးဖို့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗကသ ဗဟိုလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကလည်း ဒီမိုကရေစီအစိုးရ အစစ်အမှန်ဆိုရင် နိုင်ငံသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွပ်လပ်စွာရေးသားခွင့် နဲ့မိမိယုံကြည်ရာကို ကိုးကွယ်ခွင့်ဆိုတဲ့ ဒီအချက်တွေကို ကန့်သတ်တဲ့ဥပဒေတွေမရှိသင့်ဘူးလို့ VOA ကိုပြောပါတယ်။

"အခုလက်ရှိအခြေအနေမှာလည်း ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုမျိုးပုဒ်မတွေ မရှိသင့်တော့ဘူုးဆိုတာရယ်၊ အရင်ဆုံးပြင်သင့်တာကတော့ ဒီပုဒ်မတွေပဲ။ ဒါ ဒီမိုကရေစီလို့ပြောနေပြီးတော့ ဟို မျက်နှာ သနပ်ခါး၊ ပေါင်သေးစီးကြောင်း ဆိုတဲ့ ပုံစံမျိုးနဲ့တူနေတယ်။ နိုင်ငံတကာမှာ ဒီမိုကရေစီ အစိုးရလို့ပြောတယ်။ ပြည်တွင်း မှာတော့ ဒီဥပဒေတွေနဲ့ အုပ်ချုပ်နေတာဖြစ် တဲ့အတွက် ကျွန်တော်တို့ကတော့ လက်မခံပါဘူး။ "

ဒါ့အပြင်ပုဒ်မ(၁၀)လို့လူသိများတဲ့နိုင်ငံတော်အားနှောင့်ယှက်ဖက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှာ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကိုရုပ်သိမ်းဖို့အတွက် ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လွှတ်တော်နှစ်ရပ်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ဲ့ပြီးတဲ့နောက် မေလ ၂၆ ရက်နေ့မှာပဲသမ္မတ ဦးထင်ကျော် လက်မှတ်ထိုးပြီး ရုပ်သိမ်းလိုက်ပြီဖြစ်ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG