သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနုမြူ ဗုံး အတွက် ဂျပန်ကို ကန် တောင်းပန် သင့်သလား


ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံ မှာ အမေရိကန်သမ္မတ အောက်မေ့ဖွယ်သွားရောက်။
ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံ မှာ အမေရိကန်သမ္မတ အောက်မေ့ဖွယ်သွားရောက်။

အမေရိကန်ရဲ့ အနုမြူဗုံး ကျဲချခံရတဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်သမ္မတ တဦးအနေနဲ့ သမ္မတအိုဘားမား ပထမဆုံး သွားရောက် လည်ပတ်တာဟာ ဂျပန်-အမေရိကန် ချစ်ကြည်ရေးအတွက် ကောင်းမွန်စေတယ်ဆိုပေမယ့် လူသား အသက်ပေါင်း များစွာ ဆုံးရှုံးစေခဲ့တဲ့ အနုမြူ ဗုံးကျဲချခဲ့ခြင်းအတွက် အမေရိကန် ဘက်က တောင်းပန်ဖို့ လိုတယ်လို့ ဂျပန်ပြည်သူတွေက ယူဆနေကြ ပါတယ်။ ဂျပန်နိုင်ငံကို မသွားခင် ဟီရိုရှီးမားကို သမ္မတအိုဘားမား သွားရောက် လည်ပတ်သင့်-မသင့် ၊ အနုူမြူဗုံးကျဲချ ခဲ့တဲ့ကိစ ္စကို တောင်းပန်ဖို့သင့်-မသင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာ အငြင်းပွားစရာဖြစ်ခဲ့ရပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

အမေရိကန်သမ္မတနဲ့ အနုမြူဗုံးဒဏ်ခံခဲ့ရသူ။
အမေရိကန်သမ္မတနဲ့ အနုမြူဗုံးဒဏ်ခံခဲ့ရသူ။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ခံစားခဲ့ရသလိုမျိုး နောက်တကြိမ် ထပ်မဖြစ်အောင် တားဆီးဖို့ တကမ္ဘာလုံးမှာ တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ပြော လိုက်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ က ဟီရိုရှီးမားမြို့ကို အနုမြူဗုံး ကျဲချခံရချိန်တုန်း က သေဆုံးသွားသူတွေအတွက် သမ္မတ အိုဘားမားက ဟီရိုရှီးမား ငြိမ်းချမ်းရေး ပန်းခြံမှာ အမှတ်တရဂုဏ်ပြုစကား ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်နဲ့ ကန်သမ္မတ
ဂျပန်ဝန်ကြီးချုပ်နဲ့ ကန်သမ္မတ

အခုလို အနုမြူဗုံးဒဏ်ခံရတဲ့ ဟီရိုရှီးမားမြို့ကို သမ္မတအိုဘားမား လည်ပတ်တာဟာ ဂျပန်-အမေရိကန် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ဘယ် လောက်ထိ အရေးပါသလဲ၊ ဂျပန်ပြည်သူတွေရဲ့ ခံစားချက်ကရော ဘယ်လိုရှိသလဲ ဆိုတာနဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာဦးရွှေဘ (ခေါ်) Hisao Tanabe ရဲ့အမြင်ကတော့ -

“အနုမြူဗုံးဒဏ်ခံရပြီးတော့ အခုထိ အသက်ရှင်သေးတဲ့ပုဂ္ဂိုလ်တွေနဲ့ သမ္မတ အိုဘားမား လက်တွဲနှုတ်ဆက်ပြီးတော့ စကားပြောတာတွေ ရုပ်မြင်သံကြားက တဆင့် ပြသလိုက်တယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်အများစု ကတော့ သမ္မတအိုဘားမား အမေရိကန်ပြည်တွင်းမှာလည်း ကန့်ကွက်တဲ့အသံတွေ အများကြီးရှိတယ် ဆိုတော့လေ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ဟီရိုရှီးမားကို အခုတာဝန်ထမ်းနေတဲ့ လက်ရှိသမ္မတကြီး လာတယ် ဆိုတာကိုတော့ ဂျပန် အနေနဲ့တော့ ဒါကိုကြိုဆိုတဲ့သဘော ရှိတယ်။ Appreciate လုပ်တယ် ၊ လေးစားကြတယ် လို့ ကျနော်ထင် ပါတယ်ခင်ဗျ။ တောင်းပန်ဖို့ ဆိုတာက ဂျပန်အနေနဲ့ လိုလားတဲ့အချက်ပေါ့နော်။ လူသားမဆန်တဲ့ အနုမြူဗုံး ကျတာနဲ့ပတ်သက်ပြီးတော့ ၊ ဗုံးကြဲတာနဲ့ ပတ်သက်ပြီးတော့ တောင်းပန်စေချင်တဲ့ စိတ်တော့ ရှိပါတယ်။ ဒါပေမယ့် အနုမြူဗုံးကျဖို့မလိုဘူး - မကျရင်လဲ ဂျပန်က လက်နက် ချတာပဲဆိုတဲ့ အယူအဆ ဂျပန်မှာရှိတယ်”

ကန်သမ္မတ ပန်းခွေချ
ကန်သမ္မတ ပန်းခွေချ

အမေရိကန်က ဂျပန်ကို အနုမြူဗုံးကျဲချခဲ့တာကိုတော့ ဂျပန်ပြည်သူတွေ စိတ်ထဲမှာ မေ့ပျောက်သွားမှာ မဟုတ်ပေမယ့်၊ ဒါကိစ္စတခုထဲကြောင့် ဂျပန်အမေရိကန် ဆက်ဆံရေး ထိခိုက်တာမျိုး မရှိနိုင်ဘူးလို့ ဦးရွှေဘကဆိုပါတယ်။

“တကယ့်တကယ် ခံရတဲ့လူတွေ စိတ်ထဲမှာတော့ ဒါ ပျောက်သွားမှာ မဟုတ်ပါဘူးခင်ဗျ။ ဒါပေမယ့် နှစ် ၇၀ကျော်ကြာခဲ့ပြီ ဖြစ်တယ်ဆို တော့လေ… အဲဒါကို ဝေဖန်ပြစ်တင်တာမျိုး ဂျပန်မှာ အခုလောလောဆယ် သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။ အခုလောလောဆယ် ဂျပန်မှာ အငြင်းပွားနေတာ အိုကီနာဝါကိစ္စပဲ။ ဒါ အမေရိကန်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ကိစ္စပေါ့”

တဖက်မှာပြန်ကြည့်ရင် ဒုတိယကမ္ဘာစစ်မတိုင်ခင်နဲ့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေရဲ့ ကျူးကျော်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အာရှ နိုင်ငံ တချို့က ခံစားခဲ့ရပါတယ်။ အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ ဂျပန်အစိုးရက တောင်းပန် ဖို့ တောင်းဆိုကြတဲ့ နိုင်ငံတွေလည်းရှိနေပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ ဦးရွှေဘက ခုလိုရှင်းပြပါတယ်။

“ကျနော်ကတော့ - ဂျပန်က တောင်းပန်ဖို့သင့်တယ် ထင်ပါရဲ့။ ဒါပေမယ့် အခုလက်ရှိအစိုးရပေါ့နော်၊ ဝန်ကြီးချုပ် အာဘဲ့ အစိုးရဆိုရင်တော့ လုံး၀ .. ဂျပန်ရဲ့ အရှေ့တောင်အာရှ၊ တရုတ်ကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်တဲ့ စစ်လို့ မမြင်ဘူးခင်ဗျ၊ သူတို့ရဲ့ သမိုင်းရှုထောင့်ဟာ ဆိုရင်တော့ မလွှဲမရှောင်သာနဲ့ ဂျပန်က တိုက်ရတယ်ဆိုတာမျိုး ခုထက်ထိ သူတို့စိတ်ထဲမှာ ရှိနေမယ်ထင်ပါတယ်။ အမှန်ကတော့ ဂျပန်က ကျူးကျော်တဲ့စစ် လုပ်ခဲ့တာပေါ့။ ဒါတော့ တောင်းပန်ရမယ် ထင်ပါတယ်။ ကျနော့်အနေနဲ့တော့ အဲလိုပဲ ထင်တယ်ခင်ဗျ”

ဒုတိယကမ္ဘာစစ် အဆုံးသတ်ခါနီး ရက်ပိုင်းအတွင်း ၁၉၄၅ခုနှစ် သြဂုတ်လ ၆ရက်နေ့မှာ အမေရိကန်စစ်လေယာဉ်တစင်းက ကမ္ဘာ့ပထမဆုံး အနုမြူဗုံးကို ဟီရိုရှီးမားမြို့မှာ ကျဲချခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုကြောင့် လူထောင်ပေါင်း များစွာ သေဆုံးခဲ့ပြီး နောက်ထပ် မျိုးဆက်ပေါင်း များစွာ ရေဒီယိုဒြပ်သတ္တိ အဆိပ်သင့်ခဲ့ကြရပါတယ်။

ဟီရိုရှားမားကို အနုမြူဗုံးနဲ့တိုက်ခိုက်ပြီး နောက်သုံးရက်အကြာမှာ နာဂါဆာကီမြို့ ကို နောက်ထပ် အနုမြူဗုံးတလုံး ကျဲချခဲ့တာကြောင့် လူ ထောင်ပေါင်းများစွာ ထပ်ပြီး သေဆုံးရပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာတော့ ဂျပန် နိုင်ငံ အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချကြောင်း ဂျပန်ဧကရာဇ်ဘုရင် ဟီရိုဟီတို က ကြေညာခဲ့ပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသပ်စေခဲ့ပါတယ် ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG