သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကြီး မြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်


လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေကြစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၁၉၅၅)
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်ကြေးရုပ်ကို အလေးပြုနေကြစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၁၉၅၅)

ပင်လုံစာချုပ် ချုပ်ဆိုဖို့ သွားရောက်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင် ကားမောင်းပို့ဆောင်ပေးခဲ့သူ ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေ နဲ့ တောင်ကြီးမြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခန်းဟာ ဒီကနေ့ မနက်မှာ အသက်၁၀၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပင်လုံညီလာခံ ကျင်းပတဲ့မြင်ကွင်းကို ကိုယ်တိုင်မျက်မြင်တွေ့ကြုံခံရသူ ဦးခန်းဟာ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကွယ်လွန်သွားတဲ့ အတွက် နိုင်ငံရေးအရ ဆုံးရှုံးမှုအဖြစ် သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးခန်းခေါ် ဦးဖရိုစ်ခန်း ဟာ ဒီကနေ့ မနက် ၄နာရီ ၁၅မိနစ် အချိန်မှာ တောင်ကြီးမြို့ နေအိမ်မှာပဲ အသက် (၁၀၁) နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးခန်း ကွယ်လွန်ခဲ့တဲ့ အကြောင်းကို သားဖြစ်သူ ဦးစံလင်းက အခုလို ပြောပါတယ်။

" လူကြီးရောဂါခင်ဗျ။ သူက ခါးနာနေတယ်။ ကြာပြီ ခါးတအားနာနေတာ။ "

ဦးခန်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကို သွားရောက်ရာမှာလည်း ကိုယ်တိုင် ကားမောင်းပို့ဆောင်ခဲ့ တာကြောင့် ပင်လုံညီလာခံကို ကိုယ်တိုင် မျက်မြင်တွ့ကြုံခဲ့သူဖြစ်ပါတယ်။

ဦးခန်းကွယ်လွန်တဲ့အပေါ်မှာ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးခေါ် ဦးနေမျိုးက အခုလို ပြောပါတယ်။

" ကျနော်တို့ပြည်ထောင်စုကြီးရဲ့ သမိုင်းပြတိုက်ကြီးပဲ ကျနော်တို့ရှမ်းပြည်ရဲ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးဗျ။ နောက် အသက် ၁၀၀ ကျော် နေသွားတာ။ ဒီ အသက် ၁၀၀ ပြည့်တဲ့အထိ သူက သူ့ဂျစ်ကားလေးကို မောင်းဆဲပဲဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံသွားတုန်းကလည်း အဲ့တုန်းက ဂျစ်လေးပေါ့ဗျာ။ သူ့ကို ၂၁ ရာစုပင်လုံလေး ချုပ်သွားတာကိုလည်း တကယ်မြင်စေချင်တာဗျ။ အဲ့တာ တကယ် စိတ်မကောင်းစရာပဲ။ "

ဦးခန်းအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ပြန်ပြောင်းပြောဆိုခဲ့တာတွေထဲက အမှတ်တရ အဖြစ်ဆုံးစကားကို ဦးနေမျိုးက အခုလို ဆက်ပြောပါတယ်။

" ကျနော်တို့ကတော့ ခနခန တွေ့ဆုံတာပေါ့နော်။ အဲ့ ပြောပြတဲ့အထဲမှာ သမိုင်းဝင် စကားလေး ကတော့ ဗိုလ်ချုပ်အောင်ဆန်းက နည်းနည်း စိတ်တိုသွားတယ်။ အဲ့ စာချုပ်ချုပ် ခါနီးလေ။ စော်ဘွားတွေကို သူကပြောတယ် ခင်ဗျားတို့ ခွဲထွက်ရင် ခွဲထွက် ရတယ် ဆိုတော့ အဲ့ဒီ့မှာ စဝ်ရွှေသိုက် ပြောတဲ့စကားလေးက ဗိုလ်ချုပ်ရာ ကျနော်တို့က ပေါင်းဖို့တောင် မလုပ်ရသေးဘူး။ ဘာဖြစ်လို့ ခွဲထွက်စေချင်တာလဲဆိုတဲ့ စကားလေးပေါ့နော်။ သူများတွေ အမြင်က ရှမ်းတွေက ခွဲထွက်ချင်တယ်။ ဗမာတွေက မပေးခွဲထွက်စေချင်ဘူး အမှန်က။ အမှန်တော့ မဟုတ်ဘူး ပြောင်းပြန်ဖြစ်နေတာပေါ့နော် သမိုင်းက။ "

ဦးခန်းဟာ ငယ်စဉ်က တောင်ကြီးမြို့ ABM ကျောင်းမှာ ၁၀တန်းအထိ ပညာသင်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ခုနှစ် စပြီး တောင်ကြီးမြို့တော်ဝန် အဖြစ် ၂ကြိမ်ရွေးကောက်ခံခဲ့ရသလို တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာ ရှမ်းစော်ဘွားတွေနဲ့အတူ ၆နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ ခြေချုပ်နဲ့ ရန်ကုန်မှာ ၄နှစ် ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲကို စစ်တပ်က အာဏာသိမ်းချိန်မှာလည်း တပတ်ကြာ ထိန်းသိမ်းခံခဲ့ဖူးပါတယ်။

ဦးခန်းဟာ သူ မကွယ်လွန်မီမှာတော့ တောင်ကြီးမြို့က တောင်စွန်နီဂျာမေ့ဗလီ နာယကကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးခန်းကို ဒီနေ့ ညနေ ၃နာရီမှာပဲ တောင်ကြီးမြို့တိုင်းရင်းသားပေါင်းစုံ စွန်နီမွတ်စလင်မ်သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ ဦးခန်းကွယ်လွန်ချိန်မှာတော့ သားသမီးသုံးယောက်၊ မြေး ၁၁ ဦး၊ မြစ် ၇ ဦး ကျန်ရစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG