သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ထိန်းချုပ်ဖို့ တရုတ်ကာကွယ်ရေး စရိတ်တိုးနိုင်


နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နံှမှုတွေ တိုးမြှင့်ပြီး၊ ဒေသတွင်းမှာ နယ်မြေ ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ခိုင်မာစေဖို့အတွက် ကာကွယ်ရေး အသုံးစရိတ်တခုလုံးကိုလည်း သိသိသာသာ တိုးမြှင့်သုံးစွဲလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

တောင်တရုတ်ပင်လယ်ထဲက နယ်မြေအများစုကို တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေဟာ တရားမဝင်ဘူးလို့ နယ်သာလန်နိုင်ငံ The Hague မှာရှိတဲ့ ခုံရုံးက ဆုံးဖြတ်ခဲ့ပြီး နောက်တရက်ဖြစ်တဲ့ အင်္ဂါနေ့မှာပဲ Yinchuan လို့ အမည်ပေးထားတဲ့ ပဲ့ထိန်းဒုံးတပ် ဖျက်သင်္ဘော အသစ်တစင်းကို တရုတ်ရေတပ်က ရေချခဲ့ပါတယ်။ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်အရ ဖွဲ့စည်းထားတဲ့ ခုံသမာဓိရုံးကတော့ တရုတ်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားမှုမှာ ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့တာပါ။

ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီး နောက်တနေ့မှာပဲ တောင်တရုတ်ပင်လယ်ထဲက နန်ရှာကျွန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ လေယာဉ်ကွင်း အသစ် ၂ ခုကိုလည်း တရုတ်နိုင်ငံက စမ်းသပ်ခဲ့တာပါ။ လေယာဉ်ကွင်းတွေကနေ အရပ်ဖက်သုံးလေယာဉ်တွေ ပျံတက်လာတာပြီး၊ တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ နယ်မြေတွေမှာ ပျံသန်းခဲ့တာတွေကိုလည်း အစိုးရပိုင်မီဒီယာတွေမှာ တွေ့ခဲ့ကြရပါတယ်။ ဒီမတိုင်ခင် ရက်အနည်းငယ်တုန်းကလည်း အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ မီးပြတိုက် ၄ ခုကို တရုတ်နိုင်ငံက တည်ဆောက်ခဲ့တာပါ။

ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကျွန်းတွေပေါ်မှာ အလုပ်သမားတွေ၊ အစိုးရဝန်ထမ်းတွေအတွက် နေအိမ်တွေ ဆောက်လုပ်ဖို့နဲ့ လူလုပ်ကျွန်းတွေ တိုးချဲ့ဆောက်လုပ်ဖို့လည်း တရုတ်နိုင်ငံက အကြီးအကျယ် အကုန်အကျခံ သုံးစွဲထားတာ ဖြစ်ပါတယ်။ မကြာသေးခင် လတွေ အတွင်းမှာလည်း တရုတ်နိုင်ငံက အငြင်းပွားနေတဲ့ ဒေသတွေကို ရေပေါ်ဆေးရုံတခုနဲ့ ရေငုပ်သင်္ဘော အများအပြားကို စေလွှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG