သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံအပေါ် ချင်းတိုင်းရင်းသားတို့ သဘောထား စုစည်း


မင်းတပ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ တက်ရောက်လာတဲ့ ချင်းဒေသခံပြည်သူများ။
မင်းတပ်မှာကျင်းပတဲ့ ချင်းအမျိုးသားနေ့ တက်ရောက်လာတဲ့ ချင်းဒေသခံပြည်သူများ။

၂၁ရာစုပင်လုံညီလာခံမှာ ချင်းပြည်သူတွေရဲ့ သဘောဆန္ဒတွေကို စုစည်း တင်ပြနိုင်ဖို့အတွက် ပြည်နယ်လုံးဆိုင်ရာအကြိုဆွေးနွေးပွဲတရပ်ကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲကို ချင်းပြည်နယ်အခြေစိုက်နိုင်ငံရေးပါတီတွေကို အဓိက ဖိတ်ကြားထားပြီး တခြား တသီးပုဂ္ဂလတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဖိတ်ကြားထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ်လုံးဆိုင်ရာ ဒုတိယ(၂၁ရာစု) ပင်လုံညီလာခံ အကြိုဆွေးနွေးပွဲကို ဒီလ ၂၂ရက်နဲ့ ၂၃ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲဟာ ၂၁ရာစုပင်လုံမှာ ချင်းလူထုရဲ့ လိုလားချက်တွေကို ထည့်သွင်းဆွေးနွေးနိုင်ဖို့ ပြင်ဆင်တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ပူးဇမ်းခန့်ဆွင်းက ပြောပါတယ်။

" အဓိက က ကတော့ လာမယ့် ဆွေးနွေးပွဲမှာ ကျနော်တို့ အဆိုတင်သွင်းဖို့ပေါ့ဗျာ။ အဲ့တာတွေ ကြိုတင်ဆွေးနွေးဖို့ပါ။ ကျနော်တို့ တဦးတည်းဆန္ဒမဟုတ်ပဲနဲ့ ချင်းပြည်နယ် ကိုယ်စားပြုတဲ့ လူထုရဲ့ဆန္ဒသဘောထား။ အဲ့တာတွေ စုဆောင်းပြီးမှလေ တပြည်လုံး လုပ်တဲ့အခါကျတော့ အဲ့တာ တင်ပြဖို့ အဆင်သင့်ထားမှာပေါ့။ ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ နိုင်ငံရေးပါတီနဲ့ ဦးစားပေးပြီး ဖိတ်ထားတယ်။ ပါတီက ၁၀ကျော်ရှိတာ။ ဒါပေမဲ့ အနိုင်ရတာက ကျနော်တို့ ဇူမီးအဖွဲ့ချုပ်ပဲဖြစ်နေတော့ ကျနော်တို့ အားလုံးစုဆောင်းပြီးမှ ကျနော်တို့က တဆင့် တင်မှာပေါ့။"

အဓိကဆွေးနွေးဖို့ ရည်ရွယ်ထားတဲ့အချက်ကိုတော့ သူက အခုလို ပြောပါတယ်။

" ကျနော်တို့က ရေးထိုးထားတဲ့ စာချုပ်တွေ အကောင်အထည်ဖော်ဖို့ လိုချင်တာပေါ့။ အတိုချုပ်ပြောမယ်ဆို အဓိက ကတော့ ပင်လုံစာချုပ် အချက်များပေါ့ဗျာ။ တိုင်းရင်းသားများကဏ္ဍပေါ့။"

ဆွေးနွေးပွဲကို ဖိတ်ကြားထားတဲ့အဖွဲ့အစည်းအတော်များများက တက်ရောက်ဖို့ အကြောင်းပြန်ကြားထားပေမဲ့ CNDP ခေါ် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ကတော့ အကြောင်းပြန်ကြားတာမရှိသေးကြောင်း ပြောပါတယ်။

CNDP ပါတီရဲ့ အထွေထွေအတွင်းရေးမှုး ဆလိုင်းကျဲဗစ်ထောင်းကတော့ သူတို့ပါတီက ချင်းအမျိုးသားညီလာခံ အကောင်အထည်ဖော်ရေးကော်မတီရဲ့ မူအတိုင်းဆောင်ရွက်ဖို့ ရှိနေတာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။

" ကျနော်တို့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ချင်းတမျိုးသားလုံးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တွေကတော့ ၂၀၁၃ကတည်းကနေ ဒီနေ့အထိ Coordination Body တခုရှိပြီးသားပေါ့လေ။ ချင်းအမျိုးသားညီလာခံ အကောင်အထည်ဖော်ရေး ကော်မတီပေါ့ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ညီလာခံတွေ နိုင်ငံရေးဆွေးနွေးမှုတွေ ပြည်ထောင်စုညီလာခံ ၂၁ရာစုပင်လုံတွေအတွက် တောက်လျောက် လွန်ခဲ့တဲ့သုံးလေးငါးနှစ်ကတည်းက လုပ်နေပြီးသားဆိုတော့လေ ဒီ Process အတိုင်းပဲ ကျနော်တို့က သွားဖို့ရှိပါတယ်။"

တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပူးပေါင်းထားတဲ့ ညီနောင်တိုင်းရင်းသားမဟာမိတ် NBF အဖွဲ့အတွင်းမှာ မိုင်ဂျာယန်ညီလာခံနဲ့ ပတ်သက်ပြီး ဒီလ ၂၂ရက်နဲ့ ၂၃ရက်နေ့ မှာ ဆွေးနွေးပွဲ ရှိနေတာကြောင့်လည်း မတက်ရောက်နိုင် တာဖြစ်ကြောင်း ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဆလိုင်းအောင်လွန်းဟာကတော့ သူတို့အနေနဲ့ လေ့လာသူအဖြစ် တက်ရောက်မှာဖြစ်ကြောင်း အခုလို ပြောပါတယ်။

"အခုလုပ်တဲ့ကိစ္စမှာ ကျနော်တို့က သွားပြီးတော့ တက်ရောက်မယ့်ဆိုတဲ့ဟာမှာ ကျနော်တို့ တက်ရောက်မယ့် အနေအထားက သူတို့ရဲ့အခြေအနေမှန်ကို သိရစေရေးအတွက် ကျနော်တို့က လေ့လာသူအနေနဲ့ပဲ တက်ရောက်ဖို့ ကျနော်တို့က လောလောဆယ် ရှိပါတယ်။ ကျနော်တို့ တပေါင်းတစည်းတည်း ကျနော်တို့ ဘယ်နေရာမှာ ပြန်ဆုံနိုင်မလဲဆိုတဲ့ အနေအထားကို သိချင်တာရယ် အဲ့လိုမျိုး ညှိနှိုင်းခွင့်ရမယ်ဆိုရင် ညှိနှိုင်းခွင့်ရအောင်အတွက် ကျနော်တို့တက်ဖို့ အစီအစဉ်ဆွဲထားတာပါ။"

ချင်းပြည်နယ်တောင်ပိုင်း ညီလာခံဖြစ်မြောက်ရေးကော်မတီဟာ ချင်းပြည်နယ်တောင်ပိုင်းက လူထုကို ကိုယ်စားပြုနိုင်ဖို့ ပြင်ဆင်နေ တာလည်း ဖြစ်ပါတယ်။

သြဂုတ်လ အကုန်ထက်နောက်မကျဘဲ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ရာစုပင်လုံညီလာခံကိုတော့ တနိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF လည်း ပါဝင်တက်ရောက်ဖို့ ရှိနေပါတယ်။

ဒီလပထမပတ်အတွင်းကတော့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CCSU က ၂၁ရာစုပင်လုံညီလာခံနဲ့ပတ်သက်ပြီး အကြိုဆွေးနွေးပွဲတရပ်ကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG