ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရဲ့ အနောက်ဖက်မှာရှိတဲ့ Sagamihara မြို့မှာရှိတဲ့ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနမှာ လူတယောက်က ဓါးနဲ့ ဝင်ခုတ်တဲ့အတွက် အနဲဆုံး ၁၅ ဦး သေဆုံးပြီး တခြား လူ ၂၀ လည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။
Tsukui Yamayuri ပန်းခြံအတွင်းမှာ ဓါးကိုင်ထားတဲ့ လူတဦးကို တွေ့ရကြောင်း စောင့်ရှောက်ရေးဌာနက ဝန်ထမ်းတွေက ဒေသစံတော်ချိန် အင်္ဂါနေ့ မနက် ၂ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့တယ်လို့ ဂျပန်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အသက် ၂၀ ဝန်းကျင်းရှိတဲ့ အဲဒီ ဓါးနဲ့ တိုက်ခိုက်ခဲ့သူဟာ မနက် ၃ နာရီကျော်လောက်မှာ ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့တယ်လို့ ဂျပန် NHK သတင်းမှာ ဖော်ပြထားပါတယ်။
သူဟာ အရင်က အဲဒီ မသန်စွမ်းသူများ စောင့်ရှောက်ရေးဌာနမှာ အရင်က အလုပ်လုပ်ခဲ့သူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် - မသန်စွမ်းသူတွေ ဒီကမ္ဘာကြီးမှာ သူ့အနေနဲ့ ရှိမနေစေချင်ဘူးလို့ ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း ဂျပန် Asahi Shimbun သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။