သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးညီလာခံတက်ဖို့ အိုဘားမား လာအိုရောက်


သမ္မတ အိုဘားမား လာအိုနိုင်ငံကို ဆိုက်ရောက်လာစဉ်။
သမ္မတ အိုဘားမား လာအိုနိုင်ငံကို ဆိုက်ရောက်လာစဉ်။

လာအိုနိုင်ငံ Vientiane မြို့မှာ ဒီကနေ့ စတင် ကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲ တက်ဖို့အတွက် အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့ညက လာအိုနိုင်ငံကို ရောက်သွားပြီပါပြီ။ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးအနေနဲ့ ပထမဆုံးအကြိမ် သွားရောက်တဲ့ ဒီ သမိုင်းဝင် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားအနေနဲ့ အမေရိကန်အစိုးရရဲ့ အာရှဆိုင်ရာ ပေါ်လစီနဲ့ အဲဒီ ပေါ်လစီရဲ့ အကျိုး သက်ရောက်မှုတွေ အကြောင်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။ လာအိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာတော့

ဗီယက်နမ် စစ်ကာလအတွင်း အမေရိကန်တို့က ကျဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ ရှင်းလင်းမှာ အမေရိကန်က အကူအညီ ပေးမယ့် ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စက်တင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပမယ့် ၂၈ ကြိမ်နဲ့ ၂၉ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေ တက်ဖို့အတွက် သမ္မတ Barack Obama ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ G20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး စည်းဝေးပွဲတက်ပြီး လာအိုနိုင်ငံမြို့တော် Vientiane ကို တနင်္လာနေ့ နှောင်းပိုင်းက ရောက်သွားခဲ့တာပါ။

တချိန်ထဲမှာပဲ ဒီထိပ်သီးစည်းဝေးပွဲကို တက်ဖို့ အတွက် ဒေသတွင်းက ခေါင်းဆောင်တချို့ဟာ လာအိုနိုင်ငံကို ရောက်လာနေကြ ပြီဖြစ်ပြီး မြန်မာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဆီယံ ထိပ်သီး စည်းဝေးပွဲနဲ့ အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေနဲ့ ဆက်စပ် ထိပ်သီး စည်းဝေးပွဲတွေကို တက်ဖို့အတွက် ဒီကနေ့ မြန်မာနိုင်ငံကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတဦးအနေနဲ့ ပထမဆုံး လာအိုနိုင်ငံကို သွားရောက်တဲ့ ဒီ သမိုင်းဝင် ခရီးစဉ်ဟာ အရှေ့တောင် အာရှဒေသမှာ အမေရိကန်အစိုးရအနေနဲ့ ဆက်ဆံရေး ချိန်ခွင်လျှာ ပြန်ညှိရေး အစီအစဉ်တွေအတွက် ထပ်လောင်း အတည်ပြုပေးမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသအတွင်းက ပေါ်လစီတွေ ပြောင်းလဲလာရေးနဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲတွေက စားပွဲဝိုင်းတွေမှာ အတူ ထိုင်နိုင်ရေးတို့ အတွက် အမေရိကန်ပြည်ထောင်စုက ဘယ်လောက်အထိ ဦးဆောင် လုပ်ဆောင်ခဲ့တယ် ဆိုတာတွေကို သမ္မတ အိုဘားမားက အလေးပေး ပြောကြားဖို့ ရှိတယ်လို့ အိမ်ဖြူတော် လက်ထောက်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောပါတယ်။

“ဒါဟာ သမ္မတအိုဘားမားအတွက် ၁၀ ကြိမ်မြောက် အာရှ ပစိဖိတ်ခရီးစဉ် ဖြစ်ပြီး အာရှ ပစိဖိတ်ဒေသ ချိန်ခွင်လျှာပြန်ညှိရေးဟာ အမေရိကန် အစိုးရ နိုင်ငံခြားရေးပေါ်လစီအတွက် အဓိကအကျဆုံး ဖြစ်ပါတယ်။ ဒါကြောင့် အာရှ ပစိဖိတ်ဒေသကို အမေရိကန်ရဲ့ ပေါ်လစီတွေ အာရုံစိုက် လုပ်ဆောင်နေတယ် ဆိုတာနဲ့ ဒေသတွင်းမှာ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ မဟာဗြူဟာကိစ္စရပ်တွေကို ဗဟိုပြုထားတဲ့ TPP ပစိတ်ဖိတ်ရပ်ဝန်းဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကိစ္စနဲ့ တခြား ဒေသတွင်းက အရေးပါတဲ့ အကြောင်း အရာတွေကို ဆွေးနွေး ပြောဆိုဖို့အတွက် ဒီခရီးစဉ်က သမ္မတအတွက် အခွင့်အရေး ရစေမှာ ဖြစ်ပါတယ်။ ထိပ်သီးစည်းဝေးပွဲအတွင်းမှာ ရေကြောင်းဆိုင်ရာ ကိစ္စရပ်တွေနဲ့ တောင်တရုတ်ပင်လယ်ကိစ္စတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားဟာ အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေ တက်ရောက်တာအပြင် အမေရိကန် - လာအို နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စကိုလည်း ဒီခရီးစဉ် အတွင်းမှာ ဆွေးနွေး ပြောဆိုသွားဖို့ ရှိတာမှာ ဗီယက်နမ် စစ်ပွဲအတွင်း အမေရိကန်တို့က လာအိုနိုင်ငံအတွင်း ဗုံးကျဲခဲ့တဲ့ကိစ္စဟာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

ဗီယက်နမ်စစ်ပွဲအတွင်း Ho Chi Minh trail လို့ခေါ်တဲ့ ဟိုချီမင်း လမ်းမကြီးဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် အဲဒီ လမ်းမကြီးကို ပစ်မှတ်ထားပြီး အမေရိကန်က ဗုံးကျဲ တိုက်ခိုက်ခဲ့တာမှာ ဗုံးတွေ အများစုဟာ လာအိုနိုင်ငံ ကျေးလက်ဒေသကို ကျခဲ့တာပါ။

အမေရိကန်တို့ကျဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေဟာ ကျေးလက်ဒေသတွေမှာ အများအပြား ကျန်ရှိနေသေးတာကြောင့် အဲဒီ ဗုံးတွေ ရှင်းလင်းရေးကိစ္စကို အမေရိကန်အစိုးရအနေနဲ့ အကူအညီပေးသင့်တယ်လို့ လာအိုနိုင်ငံကို မထွက်ခွာခင် G20 ထိပ်သီးစည်းဝေးပွဲကျင်းပတဲ့ တရုတ်နိုင်ငံ Hangzhou မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။

“အမေရိကန်နဲ့ လာနိုင်ငံနိုင်ငံတို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်၊ မကြာသေးခင်က ကျနော်သွားခဲ့တဲ့ ဗီယက်နမ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တဖြည်းဖြည်း တိုးတက် ပြောင်းလဲလာတယ်ဆိုတာကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ အပြင်ကနေ ကြည့်မယ်ဆိုရင်တော့ - ယုံကြည်မှုတွေ တည်ဆောက်နေတဲ့ကာလည်း ဖြစ်တော့ - လုပ်ငန်း အတော်များများကို စစ်အတွင်းက ကျန်ခဲ့တဲ့ အမွေတွေကိစ္စနဲ့ စတင်နိုင်ပါတယ်။ လာအိုနိုင်ငံ အတွက်တော့ အခုချိန်ထိ ကျေးလက်ဒေသက လူအတော်များများကို အန္တရာယ်ပြုနေတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးစံတွေကိစ္စပါဝင်ပါတယ်။ လာအိုနိုင်ငံဟာလည်း ဆင်းရဲပြီး အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် မပေါက်ကွဲသေးတဲ့ ဗုံးစံတွေကို သူတို့ချည်းပဲ ရှင်းလင်းဖို့က ငွေကြေး အရင်းအမြစ် အလုံအလောက် မရှိဘူးဖြစ်နေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အကူအညီပေးသင့်ပါတယ်။ ကျနော့်မျှော်လင့်ချက်ကတော့ - လာမယ့် ရက်အနဲငယ် အတွင်း ကျနော်တို့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာ လာအိုနိုင်ငံကို အကူအညီပေးမယ်ဆိုတဲ့ ခိုင်မာတိကျတဲ့ အဖြေတစုံတရာ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်။”

စစ်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်တွေ့ရေးဟာ အမေရိကန်အစိုးရအပြင် ပျောက်ဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်တာကြောင့် ဒီကိစ္စကိုလည်း ဆွေးနွေးသွားမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဗီယက်နမ် စစ်ပွဲဖြစ်ပွားတဲ့ကာလ ၁၉၆၄ ခုနှစ်နဲ့ ၁၉၇၃ ခုနှစ်တွေအတွင်း လူဦးရေ ၂ သန်းလောက်သာရှိတဲ့ လာအိုနိုင်ငံကို အမေရိကန်က ဗုံးတန်ချိန် ၂ သန်းလောက် ကျဲချခဲ့တာမှာ မပေါက်ကွဲသေးတဲ့ ဗုံးစံတွေ သန်း ၈၀ လောက် ရှိနေသေးတယ်လို့ ဆိုပါတယ်။ အဲဒီ မပေါက်သေးတဲ့ ဗုံးစံတွေထိပြီး လာအိုနိုင်ငံမှာ အခုချိန်ထိ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူပေါင်း နှစ်သောင်းကျော် ရှိသွားပြီလို့ ဆိုပါတယ်။

သမ္မတ အိုဘားမားဟာ လာအိုနိုင်ငံမှာ ရှိနေစဉ်အတွင်း ရှေးဟောင်းမြို့ဖြစ်တဲ့ Luang Prabang မှာ YSEALI လို့ခေါ်တဲ့ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန် အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာတော့ အာဆီယံအသိုက်အဝန်း ထူထောင်မှု ကြိုးပမ်းဆောင်ရွက်ချက်များ၊ အထူးသဖြင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ နဲ့ ရှေ့ဆက် ဆောင်ရွက်မှုဆိုင်ရာ အကောင်အထည်ဖော်မှုတွေကို ဆွေးနွေးကြမှာ ဖြစ်ပြီး၊ ၂၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာတော့ အာဆီယံ ပြည်ပဆက်ဆံရေးနဲ့ အနာဂတ် ဦးတည်ချက်များဆိုင်ရာ ကိစ္စရပ်တွေအပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ ပြဿနာတွေမှာ ဘုံစိတ်ဝင်စားမှုနဲ့ စိုးရိမ်ပူပန်မှုအပေါ် အမြင်ချင်း ဖလှယ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG