ကုလသမဂ္ဂ အကူအညီပေးရေးယာဉ်တန်းတွေဟာ ဒီကနေ့မှာတော့ တူရကီနယ်စပ်ဂိတ် ကိုဖြတ်ပြီး ဆီးရီးယားနိုင်ငံထဲ ၀င်ရောက် သွားတာကို တွေ့ရပါတယ်။ ဒီအကူအညီပေးရေးယာဉ်တန်းဟာ ဆီးရီးယားနိုင်ငံထဲ ၀င်ရောက်နိုင်ဖို့အတွက် တူရကီ နယ်စပ် အကောက်ခွန်နေရာမှာ ရက် အတော်ကြာ စောင့်ဆိုင်းနေခဲ့ရတာပါ။ သမ္မတ Bashar Assad အစိုးရထံကနေ ခွင့်ပြုချက်မရတဲ့အတွက် လူသားချင်းစာနာမှု အကူအညီတွေ ဆီးရီးယားနိုင်ငံထဲ ၀င်ရောက်ခွင့်မရတဲ့အကြောင်းကို မနေ့က ကြာသပတေးနေ့အထိ ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။
ဒီအတွက် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံ ကူညီနေတဲ့ ရုရှားအစိုးရ ကိုတောင် စိတ်ပျက်စရာဖြစ်စေခဲ့တာပါ။ အမေရိကန်နဲ့ ရုရှားအစိုးရတို့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုနဲ့ တနင်္လာနေ့မှာ စတင်တဲ့ ဆီးရီးယားအပစ်အခတ် ရပ်စဲရေးသဘောတူညီမှုဟာ အချိန်မရွေး ပျက်ပြယ်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲပါ။ ဒီကနေ့ ဆီးရီးယားမြို့တော် Damascus က ရပ်ကွက်နှစ်ခုမှာ အစိုးရတပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အကြောင်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရသတင်းမီဒီယာတွေက ဖော်ပြပါတယ်။
အစိုးရထိန်းချုပ်ထားတဲ့ မြို့တော်အရှေ့ပိုင်း Qaboun ရပ်ကွက်ကို သူပုန်တွေဘက်က ဗုံးကျဲတာကြောင့် လူ သုံးယောက် ထိခိုက်ဒဏ်ရာရ ခဲ့တယ်ဆိုတာနဲ့ ဒါဟာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တဲ့အကြောင်း ဆီးရီးယား အစိုးရပိုင် SANA သတင်းက ကြေညာပါတယ်။ အတိုက်အခံတွေဘက်ကလည်း အစိုးရတပ်ဖွဲ့တွေဟာ Jobar ရပ်ကွက်ကို ၀င်သိမ်းဖို့ကြိုးစားတာကြောင့် သူပုန်တွေဘက်က ပြန်လည် တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောပါတယ်။