သုံးရလွယ်ကူစေသည့် Link များ

အလက်ပိုမှာ ဆီးရီးယားသူပုန်တွေ အစိုးရတပ်ကို ထိုးစစ်ဆင်


အလက်ပိုမှာ ဆီးရီးယားသူပုန်တွေ အစိုးရတပ်ကို ထိုးစစ်ဆင် (အောက်တိုဘာ ၂၈၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့ က အစိုးရတပ်တွေထိန်းချုပ်ထားတဲ့ နေရာတွေကို ဆီးရီးယား သူပုန်တွေကအကြီးအကျယ် ထိုးစစ်ဆင်နေပြီလို့ သူပုန်တပ်ဖွဲ့ ကပြောပါတယ်။ အလက်ပိုမြို့ အနောက်ပိုင်းကို သူပုန်တပ်တွေက လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာကြောင့် အရပ်သား ၁၅ ဦးထက် မနည်းသေဆုံး သွားပြီး လူ ၁၀၀ ထက်နည်းဒဏ်ရာရသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ သောကြာနေ့ မှာပြောပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ နောက်ထပ် သတင်းအချက်အလက်တွေကိုတော့ ချက်ချင်း မရသေးပါဘူး။

ဆီးရီးယားက စာသင်ကျောင်းတခုကို လေကြောင်းတိုက်ခိုက်လို့ လူ၃၀ ထက်မနည်းသေဆုံးခဲ့ရတဲ့ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက မနေ့ ကြာသပတေးနေ့ မှာ တောင်းဆို ထားတာပါ။ သေဆုံးသူအများစုက ကလေးငယ်တွေဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တာဆိုရင် ဒါဟာ စစ်ရာဇ၀တ်မှုဖြစ်နိုင်တယ်လို့ ဘန်ကီမွန်းရဲ့ ရုံးက ထုတ်ပြန်တဲ့ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။ကုလသမဂ္ဂ ပညာရေးဆိုင်ရာ အထူးသံတမန်၊ ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း Gordon Brown ကလည်း ဒီဖြစ်ရပ်အတွက် စစ်ရာဇဝတ်မှု ဆိုင်ရာ စုံစမ်း စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီက ဒီကိစ္စကို စစ်ရာဇဝတ်ပစ်မှု မြောက်မမြောက် မဖြစ်မနေ စုံစမ်းဖို့ တကယ် ဖြစ်လာပြီ ဖြစ်ပြီး ICC နိုင်ငံတကာ စစ်ရာဇဝတ်မှု တရားရုံးတင်ပြီး စုံစမ်းစစ်ဆေးရမှာ ဖြစ်ကြောင်း မစ္စတာ Brown က VOA ကိုပြောပါတယ်။

စစ်လေယာဉ်တွေဟာ ဗုဒ္ဓဟူးနေ့မှာ သူပုန်တွေ ထိမ်းချုပ်ထားတဲ့ Idlib မြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ၆ ကြိမ်တိုင်တိုင် လုပ်ခဲ့ပြီး ကျောင်းဝင်းကို ထိမှန်ခဲ့တဲ့ အတွက် ဆရာ၊ ဆရာမ ၆ ဦးနဲ့ ကျောင်းသားကျောင်းသူ ၂၂ ဦးတို့ သေဆုံးခဲ့ရတယ်လို့ ဆီးရီးယားလူ့အခွင့်ရေး စောင့်ကြည့်ရေး အဖွဲ့ကြီး ကပြောပါတယ်။

ဆီးရီးယားလူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်တို့က ဒီတိုက်ခိုက်မှုတွေကို ဆီးရီးယား အစိုးရ ဒါမှမဟုတ် ရုရှား အစိုးရကလုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့အချိန်မှာ ရုရှားလေယာဉ်တွေ အဲ့ဒီစာသင်ကျောင်းပေါ်က ဝေဟင်မှာရှိမနေဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov ကဆိုပါတယ်။

XS
SM
MD
LG