သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ ဖြေရှင်းဖို့ ယန်ဟီးလီ တောင်းဆို


ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားနယ်စပ် လုံခြုံရေးတင်းကျပ်။
ရခိုင်ပြည်နယ် မြန်မာ-ဘင်္ဂလားနယ်စပ် လုံခြုံရေးတင်းကျပ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုးရွားလာနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ် ယန်ဟီးလီ က မြန်မာအစိုးရကို နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့က တောင်းဆို လိုက်ပါ တယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ မစ် ယန်ဟီးလီရဲ့ ကြေညာချက်ထဲမှာ - အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသတဝိုက်မှာ သီတင်း ၆ ပတ်ကြာ အာဏာပိုင်တွေရဲ့ အဝင်အထွက် ပိတ်ပင်တားမြစ်မှုကို ဝေဖန်ထားပြီး၊ ဆိုးရွားလာ နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရအနေနဲ့ ချက်ခြင်း ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ သီတင်း ၆ ပတ်လောက် အဝင်အထွက် လုံး၀ ပိတ်ပင်ထားတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေတာကြောင့် အခြေအနေမှန်တွေ ကို လေ့လာကြည့်ရှုဖို့ မကြာသေးခင်က ကုလသမဂ္ဂ အရာရှိနဲ့ ၉ ဦးပါ သံတမန်အဖွဲ့ကို အစိုးရဦးဆောင်ပြီး ၂ ရက်ကြာ သွားရောက်ခဲ့ပေမဲ့ - ပြည့်စုံမှုမရှိတဲ့ ရလဒ်တွေသာ ထွက်ပေါ်ခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြ ထားတာပါ။

ဒါ့အပြင် အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လက်နက်တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်ကို အစိုးရက အသုံးပြုနေတာ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ နစ်နာချက်တွေ ပြောပြခဲ့တဲ့ ရွာသားတွေကို ညှဉ်းပမ်း နှိပ်စက်မှုတွေရှိတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ်မှာ သူ့အနေနဲ့ အတော်လေး စိုးရိမ်ကြောင်း မစ် ယန်ဟီးလီ က ပြောဆိုထားတာပါ။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို တရားဥပဒေစိုးမိုးရေး အပေါ် အခြေခံပြီး ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုထားပေမဲ့ - လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရအနေနဲ့ ကြိုးပမ်းလုပ်ဆောင်တာ မတွေ့ရ သေးဘူးလို့လည်း မစ် ယန်ဟီးလီ က ကြေညာချက်မှာ ပြောဆိုထားပါတယ်။ ဒီအခြေအနေတွေကို ဖြေရှင်းဖို့ အရေးပေါ် ကိုင်တွယ် ဆောင်ရွက်ချက်တွေ လိုအပ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက အရပ်သားတွေကို အကာကွယ်ပေးဖို့ တောင်းဆိုခဲ့တဲ့ အကြောင်း - ကုလသမဂ္ဂရုံးက ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောဆိုခဲ့ပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတကာစံနှုန်းတွေအတိုင်း ကိုယ့်တိုင်းပြည်မှာရှိတဲ့ အရပ်သားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို အကာကွယ်ပေးဖို့ UNHCR အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းလိုပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ မတိုင်မီ အချိန်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရပ်သား တသိန်း၆ သောင်းကို အကူအညီတွေ ပေးအပ်နေတဲ့ လူသားချင်းစာနာမှုပေးရေး အဖွဲ့တွေကို အဲဒီဒေသဆီ ချက်ခြင်း ဝင်ခွင့်ပေးဖို့လည်း တောင်းဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း နယ်စပ်ဒေသကို ဖွင့်ထားပြီး မြန်မာပြည်က အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာနေတဲ့ အရပ်သားတွေကို ကူညီကယ်ဆယ်ဖို့ကိုလည်း UNHCR က တောင်းဆိုပါတယ်။”

ကုလသမဂ္ဂရဲ့ ကြေညာချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်ရရှိဖို့ ကြိုးစား ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုမှု မရှိခဲ့ပါဘူး။

အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့်စခန်း ၃ ခု အကြမ်းဖက်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးမှု ဖြစ်ရပ် စတင်ခဲ့ပြီးချိန်ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အခြေအနေတွေက အခုအထိ မတည်မငြိမ်ဖြစ်နေဆဲပါ။

ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေကြား လူမျိုးရေး တင်းမာမှုတွေ စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူ ၁ သိန်းကျော်ဟာလည်း IDP ဒုက္ခသည်တွေအဖြစ် စခန်းတွေမှာ နေထိုင်နေရဆဲ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မူဆလင်အကြား လူမျိုးရေးပဋိပက္ခတွေ ဖြေရှင်းဖို့ အပါအဝင် ဒေသဖွံ့ဖြိုး တိုးတက်ရေး တွေအတွက် - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း လည်းဖြစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်တဲ့ ကိုဖီအာနန် ဦးဆောင်ပြီး - ရခိုင်ပြည်နယ် အကြံပေးကော်မရှင် အဖွဲ့တခုကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG